The network connection is lost.

Banner Image

ကမ္ဘာ့ဖလားပြိုင်ပွဲကာလမှာ အသင်းအဖွဲ့အတွင်း စည်းလုံးညီညွတ်ကြဖို့ တိုက်တွန်းလိုက်တဲ့ တူနီးရှားနည်းပြသစ်ရီနတ်ဒ်

တူနီးရှားနည်းပြသစ်ဟားဗီးရီနတ်ဒ်က သူတို့ရဲ့ကမ္ဘာ့ဖလားခရီးစဉ်ကို ကယ်တင်နိုင်ဖို့အတွက် သောကြာနေ့ပွဲစဉ်မှာ စည်းလုံးညီညွှတ်စွာ ကြိုးစားအားထုတ်ကြဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။

အသက် ၅၇ နှစ်အရွယ်ပြင်သစ်လူမျိုးနည်းပြက ဆွီဒင်အသင်းကို ၅-၁ ဂိုးဖြင့် တူနီရှားတို့ ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ တနင်္ဂနွေနေ့ပွဲစဉ်အပြီး နည်းပြဟောင်းဆာဘရီလာမူချီနေရာကို အစားထိုးဖို့ အသင်းဆီ အရေးပေါ်ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။

လာမူချီက ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ပွဲစဉ်တစ်ခုကစားပြီးချိန်မှာပဲ ရာထူးမှထုတ်ပယ်ခံရတဲ့ ပထမဆုံးနည်းပြအဖြစ် သမိုင်းတွင်ခဲ့ပါတယ်။

အတွေ့အကြုံကြွယ်၀တဲ့ ရီနတ်ဒ်က သူ့ရဲ့အသင်းသစ်နဲ့အတူ သုံးရက်သာ အချိန်ရရှိခဲ့ပြီး စနေနေ့၊ မက္ကဆီကိုနိုင်ငံ၊ မွန်တာရေးမြို့မှာ ခြေစွမ်းထက်မြက်တဲ့ ဂျပန်အသင်းကို ရင်ဆိုင်ရမယ့် ခက်ခဲတဲ့ပွဲစဉ် စောင့်ကြိုနေပါတယ်။

ရီနတ်ဒ်က ဘောလုံးလောကမှာ ရေရှည်အောင်မြင်မှုတွေအပြင် နည်းဗျူဟာပိုင်း ကောင်းမွန်မှုတွေကြောင့် "မှော်ဆရာ"ဆိုတဲ့ အမည်ပြောင်လည်း ရရှိဖူးပါတယ်။

သူက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ၊ ဆော်ဒီအာရေဗျအသင်းကို ကိုင်တွယ်ချိန် ချန်ပီယံဖြစ်ခဲ့တဲ့ အာဂျင်တီးနားအသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိအောင် နည်းဗျူဟာမြောက် ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။

တူနီးရှားအသင်းရဲ့ ခက်ခဲတဲ့အခြေအနေတွေကြောင့် သူ့အတွက် ထူးခြားတဲ့အရာတစ်ခု ဖန်တီးပေးဖို့ လိုအပ်နေပါသလားလို့ မေးမြန်းရာမှာ ရီနတ်ဒ်က "ကျွန်တော်တို့ မနက်ဖြန်မှာ အသင်းလိုက်စည်းစည်းလုံးလုံးနဲ့ အကောင်းဆုံးကစားနိုင်ဖို့ လိုအပ်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

"ကျွန်တော်က ပွင့်လင်းမြင်သာမှုရှိပြီး စိတ်ဓာတ်ပိုင်းတက်ကြွကာ အရှုံးအတွက် ပြန်လည်သက်သေပြချင်နေတဲ့ ကစားသမားအစုအဖွဲ့နဲ့ တွေ့ဆုံခဲ့ရပါတယ်"

"မနက်ဖြန်ပွဲစဉ်အတွက်တော့ စိတ်ဓာတ်ပြင်းပြမှုက တကယ်ကို အရေးကြီးပါတယ်။"

"စကားပြောရတာကတော့ လွယ်ကူပါတယ်။ ကျွန်တော့်ကို မှော်ဆရာလို့ အမည်ပေးထားကြတာ ကြားမိပါတယ်။ ကျွန်တော်က မှော်ဆရာ မဟုတ်ပါဘူး။"

"ဘောလုံးလောကမှာတော့ အလုပ်တွေ အများကြီး လုပ်ဆောင်ရပါတယ်"လို့ ဆက်ပြောခဲ့ပါတယ်။

တူနီးရှားအသင်းရဲ့ ဆိုးရွားလှတဲ့ပြိုင်ပွဲခရီးလမ်းစတင်မှုနဲ့ ဆန့်ကျင်ဘက်အဖြစ် ဂျပန်အသင်းကတော့ နယ်သာလန်အသင်းကို နှစ်ဂိုးစီသရေကစားကာ အရည်အသွေးကောင်းကို ပြသနိုင်ခဲ့ပါတယ်။

သူ့ရဲ့ ပွဲထွက်လူစာရင်းနဲ့ ပတ်သက်ပြီး အသေးစိတ်ပြောကြားဖို့ ငြင်းဆိုခဲ့တဲ့ ရီနတ်ဒ်က သူတို့အသင်းအတွက် "အခြေခံကျတဲ့ ပုံစံကောင်းတွေဆီ ပြန်သွားရပါမယ်" လို့ ဆိုပါတယ်။

"စည်းကမ်းရှိရှိ၊ တိတိကျကျနဲ့ အသင်းလိုက် စည်းစည်းလုံးလုံး ကစားရပါမယ်" 

"ဒါကပဲ မနက်ဖြန်ပွဲစဉ်အတွက် ကျွန်တော်တို့ရဲ့ တစ်ခုတည်းသော အားသာချက်ဖြစ်ပါတယ်"လို့ သူက တိုက်တွန်းပြောကြားခဲ့ပါတယ်။