ဒီအိုမန်ဒီအတွက် ရီးရဲလ်မက်ဒရစ်ရဲ့ကမ်းလှမ်းမှုကို လိုက်ပ်ဇစ်ပယ်ချ
အစောပိုင်းမှာထွက်ရှိထားတဲ့ သတင်းတွေနဲ့မတူဘဲ လိုက်ပ်ဇစ်အသင်းက တောင်ပံကစားသမားဒီအိုမန်ဒီအတွက် ရီးရဲလ်မက်ဒရစ်ရဲ့နောက်ဆုံးကမ်းလှမ်းမှုကို ပယ်ချလိုက်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ အပြောင်းအရွှေ့အတွက် သဘောတူညီမှုကတော့ ရရှိလာနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
သတင်းထောက်ဖာဘရီဇီယိုရိုမာနိုကတော့ ကလပ်အသင်းနှစ်ခုအကြား ယူရိုသန်း ၁၀၀ ကျော်ဖြင့် သဘောတူညီမှု ရရှိခဲ့လို့ ရီးရဲလ်မက်ဒရစ်ဆီ ဒီအိုမန်ဒီပြောင်းရွှေ့ဖို့ အတော်လေးနီးစပ်နေပြီလို့ အစောပိုင်းမှာ ဖော်ပြခဲ့ပါတယ်။
ဒါပေမဲ့ The Athletic ရဲ့အဆိုအရ အပြောင်းအရွှေ့အတွက် သဘောတူညီမှုမရရှိသေးဘဲ လိုက်ပ်ဇစ်အသင်းက အသက် ၁၉ နှစ်အရွယ်လူငယ်ကြယ်ပွင့်အတွက် စပိန်ထိပ်သီးကလပ်အသင်းရဲ့နောက်ဆုံးကမ်းလှမ်းမှုကို ပယ်ချလိုက်တယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ ၁၀ ရက်လောက်တုန်းကလည်း ဒီအိုမန်ဒီအတွက် ရီးရဲလ်မက်ဒရစ်ရဲ့ပထမအကြိမ်ကမ်းလှမ်းမှုကို ဂျာမန်ကလပ်အသင်းက ပယ်ချခဲ့ဖူးပါတယ်။ အခုတော့ ပုံသေပေးချေရမယ့် ယူရိုသန်း ၁၀၀ အပါအဝင် စုစုပေါင်းယူရိုသန်း ၁၂၀ အထိ တန်ဖိုးရှိမယ့် ပိုမိုကောင်းမွန်တဲ့ ကမ်းလှမ်းမှုကို ပြုလုပ်ခဲ့ပါတယ်။
အဲဒီကမ်းလှမ်းမှုအပေါ် လိုက်ပ်ဇစ်ဘက်က အကြောင်းပြန်တာမျိုး မရှိသေးဘဲ ထပ်ပြီးတော့ ပယ်ချသွားဖို့ ရှိနေပါတယ်။ ဒါပေမဲ့လည်း အပြောင်းအရွှေ့ဖြစ်မြောက်သွားမယ်ဆိုတာကိုတော့ သက်ဆိုင်သူအားလုံး ယုံကြည်နေကြပါတယ်။
အစောပိုင်းမှာလည်း ဒီအိုမန်ဒီက ဥရောပချန်ပီယံပီအက်စ်ဂျီဆီ ပြောင်းရွှေ့ဖို့ ဦးစားပေးခဲ့ပေမဲ့ ပြင်သစ်ချန်ပီယံတွေက လိုက်ပ်ဇစ်တောင်းဆိုတဲ့စျေးနှုန်းကို မလိုက်လျောနိုင်ဘဲ အပြောင်းအရွှေ့ပြိုင်ပွဲမှ ထွက်ခွာသွားပါတယ်။