နောက်ဆုံးအဆင့်ကမ်းလှမ်းမှု ပြုလုပ်ပြီးနောက် မိုဆာလက်ရဲ့အဖြေ ရရှိဖို့ စောင့်ဆိုင်းနေတဲ့ ဘက်ဆစ်တက်
လီဗာပူးဂန္ထဝင်မိုဆာလက်ဆီ စာချုပ်အတွက် နောက်ဆုံးအဆင့်ကမ်းလှမ်းမှု ပြုလုပ်ပြီးနောက် ဘက်ဆစ်တက်က ကစားသမားရဲ့ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေပါတယ်။
အသက် ၃၄ နှစ်အရွယ်ကစားသမားက အခုနွေရာသီအစောပိုင်း၊ လီဗာပူးအသင်းမှ ထွက်ခွာလာပြီးနောက် ကလပ်အသင်းလက်မဲ့ ဖြစ်နေပါတယ်။ သူက အန်ဖီးလ်မှာ ကိုးနှစ်ကြာဖြတ်သန်းခဲ့ချိန်အတွင်း ၄၄၂ ပွဲကစား၊ ၂၅၇ ဂိုးအထိ သွင်းယူပြီး အံ့ဩလောက်စရာစံချိန်ကို ပိုင်ဆိုင်ခဲ့ပါတယ်။
လက်ရှိမှာတော့ မိုဆာလက်က အီဂျစ်အသင်းနဲ့အတူ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ပြီးနောက် အနားယူရင်း သူ့ရဲ့အနာဂတ်အတွက် ရွေးချယ်စရာတွေကို စဉ်းစားနေပါတယ်။ အဲ့ဒီအထဲမှာ တူရကီကလပ်အသင်း ဘက်ဆစ်တက်က သူ့ကို ခေါ်ယူဖို့ အလေးထားကြိုးစားနေမှုလည်း ပါဝင်ပါတယ်။
ဘက်ဆစ်တက်ဥက္ကဋ္ဌဆာအယ်လ်အာခါလီက မိုဆာလက်ဆီမှ ထွက်ပေါ်လာမယ့် အဖြေကို စောင့်ဆိုင်းနေရတယ်လို့ တူရကီပြည်တွင်းမီဒီယာတွေဆီ အတည်ပြုပြောကြားခဲ့ပါတယ်။
သူက "ကျွန်တော်တို့တွေ မိုဆာလက်နဲ့ သူ့ရဲ့အေးဂျင့်ဆီ ဆုံးဖြတ်ချက်ကို မကြာခင် အကြောင်းပြန်ပေးဖို့ ပြောထားပါတယ်။ ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးချိန်ကတည်းက သူတို့ဘက်က တောင်းဆိုသမျှ လစာတိုးမြှင့်မှုတွေနဲ့ ပြင်ဆင်ချက်တွေကို အသင်းရဲ့အကျိုးစီးပွားနဲ့အညီ အသေအချာသုံးသပ်ပေးခဲ့ပြီး နောက်ဆုံးအဆင့်ကမ်းလှမ်းမှုကိုလည်း တင်သွင်းထားပြီးပါပြီ။ အခုတော့ ဆုံးဖြတ်ချက်က ကစားသမားရဲ့လက်ထဲမှာပဲ ရှိတော့လို့ မကြာခင်မှာ အဖြေရလိမ့်မယ်လို့ မျှော်လင့်ပါတယ်" လို့ ဆိုပါတယ်။
ဘက်ဆစ်တက်က မိုဆာလက်အတွက် ဦးစားပေးရွေးချယ်မှု ဖြစ်နေပေမဲ့ ကစာသမားဆီမှာ အမေရိကန်မေဂျာလိဂ်ကလပ် ကန်ဆက်စီးတီးအပါအဝင် အခြားကမ်းလှမ်းမှုတွေလည်း ရှိနေပါသေးတယ်။