The network connection is lost.

Banner Image

ရုရှားလောင်းကစားကုမ္ပဏီတစ်ခုနဲ့ ပတ်သက်နေတယ်ဆိုတဲ့ သတင်းတွေအပေါ် ပီယာလို ရှင်းလင်းချက်ထုတ်

အီတလီလက်ရွေးစင်အသင်းနည်းပြသစ်ဖြစ်လာဖို့ ရေပန်းအစားဆုံးဖြစ်နေတဲ့ အန်ဒရီယာပီယာလိုက ရုရှားလောင်းကစားကုမ္ပဏီတစ်ခုနဲ့ ပတ်သက်နေတယ်ဆိုတဲ့ သတင်းတွေအပေါ် ရှင်းလင်းချက် ထုတ်ပြန်လိုက်ပါတယ်။

အီတလီလက်ရွေးစင်အသင်းနည်းပြရာထူးကို ပက်ဂွါဒီယိုလာ ငြင်းဆန်ခဲ့ပြီးနောက် အသက် ၄၇ နှစ်အရွယ်ကစားသမားဟောင်းက နည်းပြဟောင်းဂတ်တူဆိုနေရာကို အစားထိုးဖို့ အလားအလာအကောင်းဆုံးသူ ဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့ ပီယာလိုက ရုရှားလောင်းကစားကုမ္ပဏီ Fonbet ရဲ့ ကမ္ဘာလုံးဆိုင်ရာ သံတမန်အဖြစ် လုပ်ကိုင်နေလို့ အီတလီဘောလုံးအဖွဲ့ချုပ်(FIGC) တာဝန်ရှိသူတွေနဲ့ အီတလီလွှတ်တော်အမတ်တွေအကြား သူ့ကို နည်းပြသစ်ခန့်အပ်ဖို့အတွက် သံသယများလာခဲ့ပါတယ်။ အခုတော့ အေစီမီလန်နဲ့ ဂျူဗင်တပ်စ်ကွင်းလယ်ကစားသမားဟောင်းက တုံ့ပြန်ပြောဆိုလာပါပြီ။ 

"ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကျွန်တော့်ရဲ့နာမည်နဲ့ လက်ရွေးစင်နည်းပြ တာဝန်ယူမယ့်ကိစ္စအပေါ် ငြင်းခုံနေကြတာတွေကို တကယ့်ကို စိတ်မကောင်းစွာနဲ့ စောင့်ကြည့်နေခဲ့ရပါတယ်" လို့ သူက ရေးသားထားပါတယ်။

"အဖွဲ့အစည်းတွေ၊ အဖွဲ့ချုပ်နဲ့ သက်ဆိုင်သူအားလုံးကို လေးစားတဲ့အနေနဲ့ အခုအချိန်အထိ ကျွန်တော် နှုတ်ဆိတ်နေခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ အချက်အချို့ကို ရှင်းလင်းဖို့ လိုအပ်တယ်လို့ ကျွန်တော် ယူဆပါတယ်"

"ကျွန်တော့်ရဲ့ ကစားသမားဘဝရော၊ အခုနည်းပြဘဝမှာပါ ကျွန်တော် အလုပ်လုပ်ခဲ့တဲ့ နိုင်ငံတွေရဲ့ ဥပဒေတွေနဲ့ ကျွန်တော်ချုပ်ဆိုထားတဲ့ စာချုပ်တွေကို အမြဲတမ်း တိတိကျကျ လိုက်နာခဲ့ပါတယ်။ အခု ဝေဖန်ခံနေရတဲ့ ပူးပေါင်းဆောင်ရွက်မှုဆိုတာက ကျွန်တော် ယူအေအီးမှာ အလုပ်လုပ်ချိန်တုန်းက စတင်ခဲ့တာဖြစ်ပြီး စီးပွားရေးနဲ့ အားကစားသဘောမျိုး သက်သက်ပဲ ဖြစ်ပါတယ်"

"အဲဒီကိစ္စကို နိုင်ငံရေးအရ အဓိပ္ပာယ်ဖွင့်ဆိုဖို့ ကျွန်တော် တစ်ခါမှ မပြောဖူးတဲ့၊ ကျွန်တော်နဲ့ လုံးဝမဆိုင်တဲ့ ယုံကြည်ချက်တွေကို ကျွန်တော့်အပေါ် ပုံချသလို ဖြစ်နေပါတယ်" လို့ ပီယာလိုက ဆိုပါတယ်။

ဒါ့အပြင် "ကျွန်တော့်အပေါ် ယုံကြည်မှုပေးခဲ့ကြတဲ့ မာလ်ဒီနီနဲ့ လီယိုနာဒိုတို့ကိုလည်း ကျေးဇူးတင်ပါတယ်။ သူတို့ရဲ့ အရည်အချင်းနဲ့ အီတလီဘောလုံးလောကအပေါ် ထားရှိတဲ့ ချစ်ခြင်းမေတ္တာကိုလည်း ကျွန်တော် ကောင်းကောင်းသိပါတယ်။ အားကစားနဲ့ဆိုင်တဲ့ ရွေးချယ်မှုတစ်ခုကို လူအများကြား ငြင်းခုံစရာဖြစ်အောင် အလျင်စလိုဆွဲသွင်းပြီး ကျွန်တော်နဲ့ မပတ်သက်တဲ့ ရည်ရွယ်ချက်တွေ ပေးနေကြတာကို စိတ်မကောင်းဖြစ်ရပါတယ်" လို့ ဆက်ပြောပါတယ်။

"အီတလီအပေါ် ထားရှိတဲ့ ကျွန်တော့်ရဲ့ချစ်ခြင်းမေတ္တာက ရာထူးတစ်ခုအပေါ်မှာပဲ မမူတည်ပါဘူး။ ဒါက ကျွန်တော့်ရဲ့သမိုင်းကြောင်းနဲ့ မွေးရာပါစိတ်ဓာတ်ဖြစ်လို့ ကျွန်တော်နဲ့အတူ အမြဲတမ်းရှိနေပါလိမ့်မယ်" လို့ သူက နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။