The network connection is lost.

Banner Image

ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်မှ ထွက်ခွာလာပြီးနောက် ဇီဒန်းကို ပြင်သစ်လက်ရွေးစင်အသင်းနည်းပြသစ်အဖြစ် အတည်ပြုခန့်အပ်

ပြင်သစ်လက်ရွေးစင်အသင်းရဲ့နည်းပြချုပ်အဖြစ် ဇီဒန်းကို တရားဝင်အတည်ပြုလိုက်ပါပြီ။ သူက ကမ္ဘာ့ဖလားပြိုင်ပွဲ၊ ဆီမီးဖိုင်နယ်အဆင့်မှ ထွက်ခွာလာပြီးနောက် ရာထူးမှနုတ်ထွက်သွားတဲ့ ဒက်စ်ချမ့်စ်ရဲ့နေရာကို အစားထိုးဝင်ရောက်လာပါလိမ့်မယ်။

ဒက်စ်ချမ့်စ်က အခုနွေရာသီ၊ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ရာထူးမှ နုတ်ထွက်မယ်လို့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှာ ကြေညာခဲ့ပါတယ်။ ပြင်သစ်အသင်းကတော့ ဆီမီးဖိုင်နယ်အဆင့်မှာ ဥရောပချန်ပီယံစပိန်အသင်းကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီး ကမ္ဘာ့ဖလားဖိုင်နယ်နဲ့ လွဲချော်ခဲ့ပါတယ်။

ဇီဒန်းက ရီးရဲလ်မက်ဒရစ်နည်းပြဘ၀မှာ ချန်ပီယံလိဂ်ဆုဖလားသုံးကြိမ်နဲ့ လာလီဂါချန်ပီယံဆုနှစ်ကြိမ် ရယူပြီး ၂၀၂၁ ခုနှစ်မှာ အသင်းနဲ့ လမ်းခွဲခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာတော့ သူက နည်းပြအလုပ်နဲ့ ဝေးကွာနေခဲ့ပါတယ်။

ဒါပေမဲ့ ပြင်သစ်အသင်းကို ၁၄ နှစ်ကြာ ကိုင်တွယ်ခဲ့တဲ့ ဒက်စ်ချမ့်စ်ရဲ့နေရာကို အစားထိုးဖို့ ပြင်သစ်အသင်းခေါင်းဆောင်ဟောင်း ဇီဒန်းက လူကြိုက်အများဆုံးဖြစ်ပြီး အခုတော့ သူ့ကို ရေရှည်စာချုပ်တစ်ရပ်နဲ့ တာဝန်ပေးအပ်လိုက်ပါပြီ။

ဒက်စ်ချမ့်စ်က ပြင်သစ်အသင်းကို အဓိကပြိုင်ပွဲကြီးတွေရဲ့ ဗိုလ်လုပွဲသုံးခုဆီ ပို့ဆောင်ပေးခဲ့သလို ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်‌အောင် ကူညီပေးပြီးနောက် ရာထူးမှ နုတ်ထွက်သွားပါတယ်။ သူက သမိုင်းတလျှောက် ကစားသမားဘဝမှာရော၊ နည်းပြဘဝမှာပါ ကမ္ဘာ့ဖလားရယူနိုင်ခဲ့တဲ့ တတိယမြောက်ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။

သူ့ရဲ့နေရာကိုဆက်ခံမယ့် ဇီဒန်းကလည်း ပြင်သစ်နိုင်ငံရဲ့ အကောင်းဆုံးကစားသမားတစ်ဦး ဖြစ်ပါတယ်။ ဇီဒန်းက ပြင်သစ်အတွက် ၁၀၈ ပွဲ ပါဝင်ကစားပေးခဲ့ပြီး ၁၉၉၈ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ နှစ်ဂိုးသွင်းယူကာ ချန်ပီယံဖြစ်အောင် ကူညီပေးခဲ့သလို၊ ၂၀၀၂ ယူရိုဖလားကိုလည်း ရရှိခဲ့ဖူးပါတယ်။ သူ့ရဲ့ ကစားသမားဘဝ နောက်ဆုံးပွဲဖြစ်တဲ့ ၂၀၀၆ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာတော့ ပြိုင်ဘက်ကို ခေါင်းနဲ့တိုက်ခဲ့လို့ အနီကတ်ပြခံခဲ့ရပါတယ်။

အသက် ၅၄ နှစ်အရွယ် ဇီဒန်းက နည်းပြလောကဆီ ၂၀၁၄ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်အရန်အသင်းနဲ့အတူ စတင်ဝင်ရောက်လာခဲ့ပါတယ်။ သူက အဲ့ဒီမှာ နှစ်ရာသီကြာပြီးနောက် စီနီယာအသင်းကို စတင်ကိုင်တွယ်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်မှာတော့ ဇီဒန်းက ချန်ပီယံလိဂ်ဖလားကို သုံးကြိမ်ဆက်တိုက် ရယူနိုင်တဲ့ ပထမဆုံးနည်းပြ ဖြစ်လာခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ တစ်ကြိမ် နုတ်ထွက်ခဲ့ပေမဲ့ နောက်တစ်နှစ်မှာ ပြန်ရောက်လာပြီး လာလီဂါနဲ့ စပိန်စူပါဖလားတို့ကို ထပ်မံရယူခဲ့ပါတယ်။

အခုတော့ ကာလရှည်စာချုပ်သက်တမ်းနဲ့အတူ ဇီဒန်းက ပြင်သစ်ရဲ့ပါရမီရှင်တိုက်စစ်မှူးတွေဆီမှ အကောင်းဆုံးစွမ်းဆောင်ရည်တွေ ထွက်ပေါ်လာအောင် လုပ်ဆောင်သွားရပါမယ်။ ပြင်သစ်က ယူရို ၂၀၂၈ နဲ့ ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာလည်း အောင်မြင်မှုရဖို့ ထိပ်ဆုံးမှ ရေပန်းစားနေဦးမယ့် အသင်းလည်း ဖြစ်ပါတယ်။