အဲဗာတန်အတွက် ယူနိုက်တက်မှ ထွက်ခွာလာခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် အလွန်ကျေနပ်မိတယ်လို့ ဂျိမ်းစ်ဂါနာပြောကြား
ဂျိမ်းစ်ဂါနာက ငယ်ဘ၀ကလပ်အသင်းမန်ချက်စတာယူနိုက်တက်မှ အဲဗာတန်ဆီ ပြောင်းရွှေ့ခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ နောင်တလုံး၀မရဘူးလို့ ဝန်ခံပြောကြားခဲ့ပါတယ်။
အခု အသက်၂၅ နှစ်အရွယ်ရှိကစားသမားက ပုံမှန်ပွဲကစားချိန်မိနစ်တွေ ရရှိဖို့အတွက် ၂၀၂၂ ခုနှစ်၊ နွေရာသီမှာ ယူနိုက်တက်မှ အဲဗာတန်ဆီ ပြောင်းရွှေ့ခဲ့ပါတယ်။
အဲ့ဒီနောက်ပိုင်းမှာတော့ သူက ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးဗဟိုကွင်းလယ်လူတွေအနက် တစ်ဦးအဖြစ် သတ်မှတ်ခံရတဲ့အထိ နေရာတစ်ခုကို အခိုင်အမာ ရယူနိုင်ခဲ့ပါတယ်။
ဒေးဗစ်မိုယက်စ်လက်အောက်၊ ဂါနာရဲ့ရာသီအဖွင့်ခြေစွမ်းပြသနိုင်မှုတွေကြောင့် အခုနိုင်ငံတကာသီတင်းပတ်၊ သောမတ်စ်တူချယ်ရဲ့အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။
စပိန်နဲ့ရင်ဆိုင်ရမယ့် နေးရှင်းလိဂ်ပွဲစဉ်မတိုင်ခင် ဂါနာက သူ့ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ နောင်တရစရာ လုံး၀မရှိဘူးလို့ ဝန်ခံပြောကြားခဲ့ပါတယ်။
"ဒါ ကျွန်တော်လုပ်ဆောင်ခဲ့သမျှအရာတွေအနက် အကောင်းဆုံးနဲ့ အပြည့်စုံဆုံး ဆုံးဖြတ်ချက်လို့ ထင်ပါတယ်" လို့ ယူနိုက်တက်မှ အဲဗာတန်ဆီ ပြောင်းရွှေ့ခဲ့မှုနဲ့ပတ်သက်လို့ ဂါနာက ပြောပါတယ်။
"ကျွန်တော်က သက်သောင့်သက်သာမရှိတဲ့ နေရာအသစ်တွေဆီ သွားရောက်ဖို့ ဘယ်တော့မှ မတွန့်ဆုတ်ခဲ့ပါဘူး။ အငှားကစားသမားဘ၀ သုံးကြိမ်ရှိခဲ့ပြီး ဝက်ဖို့ဒ်ဆီ တစ်ကြိမ်၊ နော်တင်ဟမ်ဖောရက်စ်ဆီ နှစ်ကြိမ် သွားခဲ့ရလို့ စောစောစီးစီးပဲ လန်ဒန်နဲ့ နော်တင်ဟမ်မြို့တွေဆီ ပြောင်းရွှေ့ခဲ့ဖူးပါတယ်။ ဒါကြောင့် ပတ်ဝန်းကျင်အသစ်ပြောင်းလဲရမှုနဲ့ပတ်သက်လို့ ကျွန်တော် လုံး၀မစိုးရိမ်ခဲ့ပါဘူး။
ကျွန်တော့်အတွက်ကတော့ ပွဲကစားခွင့်ရရှိရေးကသာ အဓိကဖြစ်ခဲ့ပြီး အဲဒီအချိန်တုန်းက အဲဗာတန်ဆိုတာ အကောင်းဆုံးရွေးချယ်မှု ဖြစ်ခဲ့ပါတယ်။ အရန်ခုံမှာပဲ ထိုင်နေရပြီး တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားတာမျိုး မဖြစ်ချင်ခဲ့ပါဘူး။ ဒါကြောင့် ကိုယ့်နေရာအတွက် ကိုယ်တိုင်တိုက်ပွဲဝင်ခွင့်ရနိုင်မယ်လို့ ခံစားရတဲ့ အသင်းဆီ သွားချင်ခဲ့ပြီး လွန်ခဲ့တဲ့ သုံးလေးနှစ်အတွင်းမှာ ကျွန်တော် ဒါကိုပဲ လုပ်ဆောင်ခဲ့ပါတယ်" လို့ ပြောပါတယ်။
မန်ချက်စတာယူနိုက်တက်မှ ထွက်ခွာခဲ့လို့ နောင်တရမိခြင်း ရှိ၊ မရှိ ထပ်မံမေးမြန်းရာမှာ ဂါနာက "လုံးဝ မရှိပါဘူး။ အရာရာတိုင်းက အကြောင်းတစ်ခုခုကြောင့် ဖြစ်ပျက်လာတာလို့ ကျွန်တော် အခိုင်အမာ ယုံကြည်ပါတယ်။ ကျွန်တော်ထွက်လာချိန် သူတို့လည်း ကမ္ဘာ့အဆင့် ကွင်းလယ်လူ သုံး၊ လေးဦးလောက် ခေါ်ယူခဲ့ပါတယ်။
အကယ်၍ ကျွန်တော်သာ ဆက်နေခဲ့ရင် ဒီနေ့ ကျွန်တော်ရောက်ရှိနေတဲ့ အဆင့်အတန်းမျိုးဆီ မရောက်လာနိုင်ပါဘူး။ ဒါကြောင့် ကျွန်တော် ထွက်ခွာခဲ့တဲ့ဆုံးဖြတ်ချက်အတွက် အလွန်ကျေနပ်မိပါတယ်" လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။