ဂျူလီယန်အယ်လ်ဗာရက်ဇ်ရဲ့အပြောင်းအရွှေ့ကိစ္စ အတိတ်မှာကျန်ခဲ့ပြီလို့ ဘာစီလိုနာအကြီးအကဲ ပြောကြား
ဘာစီလိုနာအားကစားဒါရိုက်တာဒေကိုက အက်သလက်တီကိုမက်ဒရစ်ကြယ်ပွင့် ဂျူလီယန်အယ်လ်ဗာရက်ဇ်ကို အနာဂတ်တချိန်ချိန်မှာ ထပ်မံခေါ်ယူနိုင်မယ့် ဖြစ်နိုင်ခြေနဲ့ပတ်သက်လို့ အခုသီတင်းပတ်အတွင်း ပြောဆိုလိုက်ပါတယ်။
လီဝန်ဒေါစကီးနှင့် ဖာရန်တောရက်စ်တို့ အသင်းမှထွက်ခွာသွားပြီးနောက် တိုက်စစ်ပိုင်းအင်အားဖြည့်တင်းဖို့ကြိုးပမ်းချိန် ဘာစီလိုနာက အာဂျင်တီးနားသားကို အသင့်တော်ဆုံးသူလို့ သတ်မှတ်ခဲ့ပြီး နွေရာသီအပြောင်းအရွှေ့ကာလတလျှောက်လုံးနီးပါး အယ်လ်ဗာရက်ဇ်ကို ခေါ်ယူနိုင်ရေးအတွက် အပြင်းအထန်လုံးပမ်းခဲ့ပါတယ်။
ဒါပေမဲ့ အယ်လ်ဗာရက်ဇ်ကိုခေါ်ယူဖို့ ကတ္တလန်သားတွေရဲ့ကြိုးပမ်းမှုက နောက်ဆုံးမှာ အရာမထင် ဖြစ်သွားခဲ့ပါတယ်။
ကစားသမားကိုယ်တိုင် အသင်းပြောင်းရွှေ့ချင်တယ်လို့ လူသိရှင်ကြား တောင်းဆိုခဲ့ပေမဲ့ အယ်လ်ဗာရက်ဇ်ကို မရောင်းချဘူးဆိုတဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းတာဝန်ရှိသူတွေရဲ့ရပ်တည်ချက် မယိုင်မလဲတည်တံ့နေခဲ့ပါတယ်။
ဒေကိုရဲ့လတ်တလောပြောကြားချက်တွေကြည့်မယ်ဆိုရင် ဘာစီလိုနာက အယ်လ်ဗာရက်ဇ်ကို ခေါ်ယူဖို့ ကြိုးပမ်းမယ့် အစီအစဉ် မရှိတော့ဘူးလို့ ယူဆရပါတယ်။
ကြာသပတေးနေ့၊ သတင်းမီဒီယာတွေနဲ့တွေ့ဆုံချိန် ဘာစီလိုနာရဲ့အပြောင်းအရွှေ့တာဝန်ခံက "ဂျူလီယန်အယ်လ်ဗာရက်ဇ်ဆိုတာ အခုတော့ အတိတ်မှာ ကျန်ခဲ့ပါပြီ။ ကျွန်တော်တို့ ရှေ့ကိုပဲ ဆက်ကြည့်ရပါမယ်။ လက်ရှိပိုင်ဆိုင်ထားတဲ့ အရာတွေအပေါ်မှာလည်း ကျေနပ်မိပါတယ်။ သူလည်း အဆင်ပြေပြေနဲ့ သူ့ရဲ့ကလပ်အသင်းကို ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
လက်တွေ့မပေါ်ပေါက်လာတဲ့ ကစားသမားသစ်ခေါ်ယူမှုတွေ အများကြီးပါပဲ" လို့ ဆိုပါတယ်။