ဒူးခွဲစိတ်မှုကြောင့် အနားယူရတော့မယ့် ပုံစံကောင်းပြသနေသူ ဒီပို့တီဗိုတိုက်စစ်မှူး အူဘာမီယန်း
ဒီပို့တီဗိုအသင်းက တိုက်စစ်မှူးအိုဘာမီယန်းရဲ့ ဒူးခွဲစိတ်ကုသမှုကို ကြာသပတေးနေ့မှာ ပြုလုပ်ခဲ့ပြီး ကစားသမားအတွက် နှစ်လလောက် အနားယူသွားဖို့ လိုအပ်နိုင်တယ်လို့ ကြေညာခဲ့ပါတယ်။
အသက် ၃၇ နှစ်အရွယ်ကစားသမားက ဘက်တစ်နဲ့သရေကျခဲ့တဲ့ လာလီဂါပွဲစဉ်အတွင်း မအီမသာဖြစ်လာခဲ့ပြီးနောက် မက်ဒရစ်မြို့ရှိ ဆေးခန်းတစ်ခုမှာ ညာဘက်ဒူးဆစ်အရွတ်ကို ခွဲစိတ်ကုသမှု ခံယူခဲ့ပါတယ်။
ဒါ့အပြင် ဂါဘွန်လက်ရွေးစင်အသင်းအတွက် ဂိုးအများဆုံးသွင်းယူပေးထားတဲ့ ကစားသမားကိုယ်တိုင် လာကိုရူနာမြို့ဆီ ပြန်လည်ရောက်ရှိလာလိမ့်မယ်လည်း ကလပ်အသင်းမှ ကြေညာခဲ့ပါတယ်။
"သူ့ရဲ့ပြန်လည်သက်သာလာမှုအခြေအနေအပေါ် မူတည်ပြီး လေ့ကျင့်ခန်းပြန်ဆင်းနိုင်မယ့် အချိန်ကို ဆုံးဖြတ်သွားမယ်" လို့ ဒီပို့တီဗိုအသင်းရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စပိန်သတင်းမီဒီယာတွေရဲ့အဆိုအရ နှစ်လနီးပါးကြာ ကွင်းပြင်ပမှာ အာဆင်နယ်နဲ့ ချဲလ်ဆီးတိုက်စစ်မှူးဟောင်း အနားယူသွားရနိုင်တယ်လို့ သိရပါတယ်။
အူဘာမီယန်းက တန်းတက်ဒီပို့တီဗိုရဲ့ အခုရာသီ၊ လာလီဂါသွင်းဂိုး ၁၀ ဂိုးအနက် ငါးဂိုးကို သွင်းယူပေးပြီး ရာသီအစမှာတင် ခြေစွမ်းပြကစားထားနိုင်ခဲ့ပါတယ်။ ဒီဗို့တီဗိုက လာဂီဂါခုနစ်ပွဲကစားပြီးချိန် ရမှတ် ၁၀ မှတ်စုဆောင်းထားနိုင်ပြီး အမှတ်ပေးဇယားသတ္တမနေရာမှာ ရှိနေပါတယ်။
သူ့ကို စိတ်ပျက်ဖွယ် ၂၀၂၅ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲရလဒ်ပိုင်းအတွက် အဓိကတာဝန်ရှိသူလို့ ဂါဘွန်အစိုးရရဲ့စွပ်စွဲချက် ထွက်ပေါ်လာပြီးနောက် အူဘာမီယန်းက အရှက်ရသိမ်ငယ်မိတယ်လို့ တုံ့ပြန်ကာ အခုလအစောပိုင်းမှာပဲ လက်ရွေးစင်ကစားသမားဘ၀ကို အနားယူခဲ့ပါတယ်။