နယ်သာလန်နဲ့သရေပွဲစဉ်အပြီး ယာဂန်ကလော့ပ် ဘာတွေပြောင်းလဲပေးခဲ့သလဲဆိုတာကို ဖွင့်ဟပြောကြားလာတဲ့ ကင်မစ်ချ်
နယ်သာလန်နဲ့ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့တဲ့ ကြာသပတေးနေ့၊ နေးရှင်းလိဂ်အုပ်စုအဖွင့်ပွဲစဉ်အပြီး ကင်မစ်ချ်က ဂျာမနီအသင်းနည်းပြသစ်ယာဂန်ကလော့ပ်လက်ထက်မှာ ဘာတွေ ပြောင်းလဲလာသလဲဆိုတာကို ဖွင့်ဟပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဂျာမနီအသင်းခေါင်းဆောင်က နယ်သာလန်နဲ့သရေကျခဲ့တဲ့ ပွဲစဉ်ရလဒ်ပိုင်းကို သူတို့အသင်းနဲ့ ထိုက်တန်ပါတယ်လို့ သုံးသပ်ခဲ့ပါတယ်။
"အရာရာ ပြီးပြည့်စုံမှုမရှိနေခဲ့ပေမဲ့ အချက်အလက်အတော်များများမှာတော့ အတော်လေးကောင်းမွန်တယ်လို့ ခံစားရတဲ့ စိတ်လှုပ်ရှားစရာ ဘောလုံးပွဲစဉ်တစ်ခု ဖြစ်ခဲ့ပါတယ်" လို့ RTL နဲ့တွေ့ဆုံချိန် ကင်မစ်ချ်က ပြောပါတယ်။
"ကျွန်တော်တို့ဆီမှာ ဒုတိယမြောက်ဦးဆောင်ဂိုးရရှိစေမယ့် အခွင့်အရေးကြီးတစ်ခု ရှိခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ဒတ်ခ်ျတွေ ပိုမိုအားကောင်းလာတယ်ဆိုတာကို ခံစားမိခဲ့ပါတယ်။ ကျွန်တော်တို့ဘက်က သေသေသပ်သပ်မကစားနိုင်ခဲ့တဲ့ တန်ပြန်တိုက်စစ် တစ်ကြိမ်၊ နှစ်ကြိမ်လောက် ပြန်ပေးခဲ့ပါတယ်။ ခြုံငုံပြောရရင်တော့ သရေရလဒ်နဲ့ ထိုက်တန်ပါတယ်"လို့ ဆိုပါတယ်။
အခုနွေရာသီကာလအတွင်း နာဂယ်စ်မန်းဆီမှ ဂျာမနီအသင်းနည်းပြတာဝန်ကို လွှဲပြောင်းရယူခဲ့တဲ့ ယာဂန်ကလော့ပ်လက်ထက်မှာ စတင်ကျင့်သုံးလာတဲ့ အပြောင်းအလဲတွေအကြောင်းကိုလည်း ဘိုင်ယန်မြူးနစ်ကြယ်ပွင့်က ဖွင့်ဟခဲ့ပါတယ်။
"ပြီးခဲ့တဲ့သုံးရက်လောက်အထိ ခံစစ်ပိုင်း၊ ဖိအားပေးကစားပုံနဲ့ ပြိုင်ဘက်အပေါ် ဘယ်လိုဖိအားပေးကစားမလဲဆိုတဲ့ အချက်တွေအပေါ် အဓိက အာရုံစိုက်ခဲ့ကြပါတယ်" လို့ ကင်မစ်ချ်က ဆိုပါတယ်။
"ဒါက တိကျတဲ့ဖွဲ့စည်းပုံတစ်ခုကို ရှာဖွေတည်ဆောက်တာ ဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ ကစားပုံအတွက်ရော၊ ဘောလုံးပိုင်ဆိုင်ထားချိန် ပိုမိုတိုးတက်လာအောင် ပြုလုပ်ရမယ့် အရာတွေအတွက်ပါ အခြေခံအုတ်မြစ် ဖြစ်ပါတယ်" လို့ ဆက်ပြောပါတယ်။