The network connection is lost.

Banner Image

မန်စီးတီးရဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒီဘရိုင်းနားနဲ့ ပြန်လည်ဆုံတွေ့ရမယ့်ကိစ္စကို ရင်ခုန်စိတ်လှုပ်ရှားနေတဲ့ ဒိုကူ

အင်္ဂါနေ့ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် အီတီဟတ်ကွင်းဆီ နာပိုလီ လာရောက်ယှဉ်ပြိုင်ချိန် အသင်းဖော်ဟောင်းဒီဘရိုင်းနဲ့ ရင်ဆိုင်ရနိုင်ခြေရှိမှုအပေါ် မန်စီးတီးတောင်ပံကစားသမား ဒိုကူ စိတ်လှုပ်ရှားရင်ခုန်နေပါတယ်။

ဒီဘယ်လ်ဂျီယံကစားသမားက ၂၀၂၅ ခုနှစ်၊ မန်စီးတီးမှာ သူ့ရဲ့ဆယ်စုနှစ်တစ်ခုကြာ ထူးချွန်ပြောင်မြောက်တဲ့ ကစားသမားဘဝကို အဆုံးသတ်ပြီးနောက် အခုတော့ မန်ချက်စတာမြေဆီ ပြန်လည်ရောက်ရှိလာပါတော့မယ်။

ဒိုကူက နိုင်ငံ့လက်ရွေးစင်အသင်းဖော်နဲ့ ရင်ဆိုင်ရမှုကို ထူးခြားလိမ့်မယ်လို့ ဝန်ခံခဲ့ပေမဲ့ အိမ်ရှင်မန်စီးတီးအတွက် အနိုင်ရလဒ်ဖော်ဆောင်ဖို့သာ အဓိကဦးစားပေးကိစ္စ ဖြစ်လိမ့်မယ်လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။

မီဒီယာတွေဆီ ဒိုကူက "ဒီဘရိုင်းက ဒီနေ့ဒီအချိန်အထိ ဘယ်လောက်တောင် ထူးခြားတဲ့ ကစားသမားတစ်ဦးလဲဆိုတာ ကျွန်တော် ထွေထွေထူးထူး ပြောနေစရာတောင် မလိုပါဘူး" လို့ ပြောပါတယ်။

"မန်စီးတီးမှာ ကျွန်တော် သူနဲ့ အတူကစားခဲ့ဖူးသလို အခုလည်း လက်ရွေးစင်အသင်းမှာ သူနဲ့ အတူကစားနေဆဲပါ။ သူနဲ့အတူကစားရတာ အမြဲတမ်း ပျော်စရာကောင်းပြီး သူက တခြားသူတွေအတွက် နေရာလွတ်တွေကို ကြိုမြင်နိုင်သလို သူ့မှာရှိတဲ့ အရည်အသွေးကလည်း မယုံကြည်နိုင်စရာ ကောင်းပါတယ်"

"မနက်ဖြန်မှာ သူ့ကို တွေ့ရဖို့ရှိနေလို့ ကျွန်တော်တို့အားလုံး ပျော်ရွှင်နေကြပါလိမ့်မယ်။ ပြီးခဲ့တဲ့တစ်ကြိမ်၊ နာပိုလီနဲ့ရင်ဆိုင်ရချိန်မှာ အနီကတ်ပြစ်ဒဏ်ကြောင့် သူ မကစားနိုင်ခဲ့ပါဘူး။ ဒါ ကံဆိုးမှုတစ်ခုပါ။ ဒါပေမဲ့ အခု သူ့ကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်ကစားရဖို့ ရှိနေလို့ ရင်ခုန်နေသလို သူနဲ့အတူ လက်တွဲပြီး ဆက်ကစားနေရသေးလို့ အရမ်းဝမ်းသာမိပါတယ်"

"ကျွန်တော်တို့အားလုံးမှာ ပြိုင်ဆိုင်လိုစိတ် အပြည့်ရှိကြလို့ အကောင်းဆုံးပုံစံမှာ ရှိနေချင်ကြပေမဲ့ အောင်မြင်မှုတွေ အများကြီး ရယူထားပြီးဖြစ်တာတောင် အမြဲတမ်း ဒီထက်ပိုပြီး ကောင်းချင်နေတဲ့ ဒီဘရိုင်းလို လူမျိုးကို မြင်တွေ့ရတယ်ဆိုတာ အမြဲတမ်း ကောင်းမွန်တဲ့ အချက်ပါပဲ" လို့ ဆိုပါတယ်။