အဲဗာတန်ထံမှ သရေတစ်မှတ်ခွဲယူနိုင်ခဲ့လို့ လိဒ်ကစားသမားတွေကို ဒန်နီယယ်ဖာကီ ချီးကျူး
လိဒ်ယူနိုက်တက်နည်းပြ ဒန်နီယယ်ဖာကီက တနင်္လာနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အဲဗာတန်ထံမှ သရေတစ်မှတ်ခွဲယူနိုင်ခဲ့တာကြောင့် ကစားသမားတွေရဲ့ စွမ်းဆောင်ရည်အပေါ် အားရကျေနပ်မိကြောင်း ပြောကြားလာခဲ့ပါတယ်။
ယခုပွဲစဉ်မှာ လိဒ်ဟာ တောင်ပံကစားသမား ဂျိမ်းစ်ဂျက်စတင်ရဲ့ပထမဆုံးပရီးမီးယားလိဂ်သွင်းဂိုးနဲ့ ပွဲကို စတင်ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ အဲဗာတန်တိုက်စစ်မှူး သီယာနိုဘယ်ရီရဲ့ချေပဂိုးကိုခွင့်ပြုခဲ့ရတာကြောင့် အဝေးကွင်းမှာ ရမှတ် ၁ မှတ်နဲ့သာကျေနပ်ခဲ့ရတာဖြစ်ပါတယ်။
ပွဲအပြီးမှာတော့ လိဒ်ကစားသမားတွေရဲ့ ကြံ့ကြံ့ခံနိုင်ရည်နဲ့ ပွဲအပေါ်အာရုံစိုက်နိုင်မှုကို ချီးကျူးပြောဆိုလာခဲ့ပါတယ်။ ဂျာမန်သားနည်းပြက "ခြုံငုံပြီးပြောရရင် ဒါဟာ ကျွန်တော်တို့အတွက် တကယ်ကောင်းတဲ့အဝေးကွင်းရလဒ်တစ်ခုပါ။ အရင်ပွဲတွေကလည်း ရလဒ်ကောင်းတွေရခဲ့သလို၊ ဒီနေ့လည်း ရမှတ် ၁ မှတ်ယူပြီး အိမ်ပြန်နိုင်ခဲ့ပါတယ်"
"ပထမပိုင်း အသင်းရဲ့ကစားပုံက တကယ်ကိုအံ့မခန်းပါပဲ။ ကျွန်တော်တို့ပြသခဲ့ဖူးတဲ့ အဝေးကွင်း အကောင်းဆုံးခြေစွမ်းတွေထဲက တစ်ခုဖြစ်ခဲ့ပြီး အသာစီးနဲ့ကစားနိုင်ခဲ့ပါတယ်။ ပြိုင်ဘက်ကို အခွင့်အရေးလုံးဝမပေးခဲ့သလို၊ ကျွန်တော်တို့ဘက်က အခွင့်အရေးကောင်းတွေအများကြီးရခဲ့ပါတယ်။ နောက်ထပ်ဂိုးရဖို့နီးစပ်ခဲ့ပေမယ့် ကံမကောင်းစွာနဲ့ ၁ ဂိုးပဲသွင်းယူနိုင်ခဲ့ပါတယ်"
"အဲဗာတန်က နည်းပြကောင်းတစ်ယောက်ဦးဆောင်နေတဲ့ ထိပ်တန်းအသင်းတစ်သင်းပါ။ သူတို့ရဲ့ အရန်အင်အားကလည်း တောင့်တင်းတော့ ဒုတိယပိုင်းမှာ ကျွန်တော်တို့ဘက်ကို တိုက်စစ်ပြန်ဆင်လာမယ်ဆိုတာ ကြိုသိထားပါတယ်"
"ဒီနေ့ပွဲမှာ ဘောလုံးပိုင်ဆိုင်မှုနည်းနေချိန်တွေမှာတောင် ကျွန်တော်တို့ ပွဲကိုထိန်းချုပ်ပြီး သူတို့ကို အခွင့်အရေးတွေမပေးခဲ့ရဘူးလို့ ခံစားရပါတယ်။ အနိုင်ရဖို့ နီးစပ်ခဲ့ပေမယ့် ဖြစ်မလာခဲ့ပါဘူး။ ပြိုင်ဘက်အသင်းရဲ့အရည်အသွေးကိုလည်း ကျွန်တော်တို့ လေးစားရပါမယ်။ ဒီကွင်းက တကယ်ခက်ခဲတဲ့နေရာတစ်ခုဖြစ်လို့ ရရှိလာတဲ့သရေတစ်မှတ်ကိုယူပြီး ရှေ့ဆက်သွားပါမယ်"
"၃ မှတ်အပြည့်မရခဲ့လို့ နည်းနည်းစိတ်ပျက်မိပေမယ့် အနိုင်ရဖို့ ဖြစ်နိုင်ချေရှိခဲ့လို့ ကစားသမားတွေကို ချီးကျူးရပါမယ်။ အဝေးကွင်းမှာ ဒါက ရလဒ်ကောင်းတစ်ခုဖြစ်ပြီး အသင်းရဲ့ခြေစွမ်းအပေါ်မှာလည်း ကျွန်တော်တို့ တကယ်ပဲကျေနပ်အားရမိပါတယ်" လို့ပြောကြားခဲ့ပါတယ်။