ယာယီနည်းပြ ကာရစ်အပေါ် အသင်းပိုင်ရှင် ရက်ကလစ်ဖ်ရဲ့လွှမ်းမိုးမှုကို ဖွင့်ဟလာတဲ့ လမ်မန်းစ်
မန်ချက်စတာယူနိုက်တက်ဂိုးသမား ဆန်နီလမ်မန်းစ်က အသင်းရဲ့လက်ရှိယာယီနည်းပြ မိုက်ကယ်ကာရစ်အပေါ် အသင်းရဲ့ ရှယ်ယာရှင်ဆာဂျင်မ်ရက်ကလစ်ဖ်ရဲ့လွှမ်းမိုးမှုနဲ့ပတ်သက်ပြီး ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အာဆင်နယ်ရဲ့အိမ်ကွင်း အမ်းမရိတ်စ်မှာ ယူနိုက်တက်ဟာ ၂-၃ ဆိုတဲ့အနိုင်ရလဒ်ကိုဖော်ဆောင်နိုင်ခဲ့တာကြောင့် ဘောလုံးပရိသတ်တွေအတွက် အံ့အားစရာဖြစ်စေခဲ့ပါတယ်။ အာဆင်နယ်အနေနဲ့ အိမ်ကွင်းမှာ ယူနိုက်တက်ကို အပြတ်အသတ်ချေမှုန်းမယ်လို့ ယူဆထားခဲ့ကြပေမယ့် လက်တွေ့မှာတော့ သရေရလဒ်ကိုတောင် ဖော်ဆောင်နိုင်ခဲ့ခြင်းမရှိခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာ ယူနိုက်တက်နည်းပြကာရစ်နဲ့ အသင်းရဲ့ရှယ်ယာရှင် ရက်ကလစ်ဖ်တို့ ဥမင်လှိုဏ်ခေါင်းအတွင်း စကားပြောနေတာကို မြင်တွေ့ခဲ့ရတာကြောင့် ယာယီနည်းပြအဖြစ် အကောင်းဆုံးစတင်နေတဲ့ ကွင်းလယ်လူဟောင်းအပေါ် ပရိသတ်တွေရဲ့စိတ်ဝင်စားမှုတွေ မြင့်တက်လာခဲ့ပါတယ်။
ယခုအခါမှာ လမ်မန်းစ်ကို ရက်ကလစ်ဖ်အနေနဲ့ အသင်းရဲ့အဝတ်လဲခန်းထဲအထိ လာရောက်စကားပြောဆိုခြင်းရှိမရှိမေးမြန်းခဲ့ရာ ဂိုးသမားက ရက်ကလစ်ဖ်ဟာ အသင်းအပေါ် တကယ်စိတ်ဝင်စားတာကြောင့် ကာရစ်နဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့တာဖြစ်ကြောင်း ပြန်လည်ဖြေကြားလာခဲ့တာဖြစ်ပါတယ်။
လမ်မန်းစ်က "သူက နည်းပြနဲ့ပဲ စကားပြောခဲ့တာပါ။ အသင်းကိုအခုလို ထောက်ခံအားပေးနေတဲ့ ဘုတ်အဖွဲ့ဝင်တွေကိုမြင်တွေ့ရတာ တကယ်ဝမ်းသာဖို့ကောင်းပါတယ်။ ဒါက ကျွန်တော်တို့အတွက် ခံစားချက်ကောင်းစေသလို ခိုင်မာတဲ့အထောက်အပံ့လည်းဖြစ်စေပါတယ်" လို့ပြောကြားခဲ့ပါတယ်။
အာဆင်နယ်ကိုအနိုင်ရခဲ့ခြင်းနဲ့ပတ်သက်ပြီးတော့လည်း ဘယ်လ်ဂျီယံသားက "ဒါက ကျွန်တော့်ကစားသမားဘဝတစ်လျှောက် အကောင်းဆုံးပွဲစဉ်တွေထဲက တစ်ပွဲပါ။ ပြီးခဲ့တဲ့အပတ် မန်စီးတီးနဲ့ပွဲက အိမ်ကွင်းမှာဆိုတော့ အထူးခြားဆုံးဖြစ်ခဲ့ပေမယ့် ဒီနေ့ပွဲမှာ ပိုပြီးတော့ရုန်းကန်ခဲ့ရသလို ခံစားရပါတယ်။ ကျွန်တော်တို့ အကောင်းဆုံးမကစားနိုင်ခဲ့တဲ့ အချိန်တွေရှိနေသေးပေမယ့် ထိပ်တန်းအသင်းတစ်သင်းဖြစ်ချင်ရင်တော့ ဒီလိုပွဲမျိုးတွေမှာ အနိုင်ရအောင်ကစားရမှာပါ"
"ဒီနေ့ပွဲမှာ တစ်သင်းလုံးစုစုစည်းစည်းနဲ့ အလုပ်ကြိုးစားခဲ့ပါတယ်။ ပွဲပြီးကာနီးမှာ ကွန်ဟာလို လူစားဝင်ကစားသမားတွေက အသင်းအတွက် အပြောင်းအလဲပြုလုပ်ပေးနိုင်ခဲ့သလို၊ ပိုပြီးတော့လည်း အားကောင်းစေခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ကာရစ်ကို ရက်ကလစ်ဖ်နဲ့ ဘာတွေပြောဆိုခဲ့သလဲမေးမြန်းရာမှာ "ထွေထွေထူးထူးတော့မဟုတ်ပါဘူး။ အသင်းမှာ လူတိုင်းပျော်ရွှင်နေကြလို့ သူလည်း ဝမ်းသာနေတာပါ။ သူ့ကို အခုလိုပုံစံနဲ့တွေ့ရတာလည်း တကယ်ဝမ်းသာစရာပါ" လို့ပြန်လည်ဖြေကြားခဲ့ပါတယ်။ လာမယ့်ရက်သတ္တပတ်မှာတော့ ယူနိုက်တက်ဟာ ဖူလ်ဟမ်ကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ဆက်လက်ရပ်တည်နိုင်ဖို့ မဖြစ်မနေနိုင်ပွဲဖော်ဆောင်သွားရမှာဖြစ်ပါတယ်။