The network connection is lost.

Banner Image

ဘောလုံးကစားသမားဘဝကို တဖန်ပြန်လည်လျှောက်လှမ်းတော့မယ့် ယူနိုက်တက်ကြယ်ပွင့်ဟောင်း နာနီ

မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ကစားသမားဟောင်း လူးဝစ်နာနီဟာ ဘောလုံးလောကမှာ အနားယူခဲ့တာ မကြာသေးပေမယ့် ယခုအခါမှာတော့ အနားယူမှု ကို အဆုံးသတ်ပြီး ပရော်ဖက်ရှင်နယ်ဘောလုံးလောကထဲသို့ ပြန်လည်ဝင်ရောက်လာခဲ့ပြီဖြစ်ပါတယ်။ 

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှာ ဘောလုံးလောကမှ အနားယူခဲ့တဲ့နာနီဟာ ယခုအခါမှာတော့ ကာဇက်စတန်ကလပ် အက်တိုဘီနဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို တဖန်ပြန်လည်စတင်တော့မှာဖြစ်ပါတယ်။ နာနီဟာ ၂၀၀၇ ခုနှစ်မှာ စပို့တင်းလစ္စဘွန်းမှ ယူနိုက်တက်သို့ စတင်ပြောင်းရွှေ့ခဲ့ပြီး အိုးလ်ထရက်ဖို့ဒ်မှာ ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်နဲ့ ၂၀၀၈ ခုနှစ် ချန်ပီယံလိဂ်ဆုဖလားတွေကို ရယူပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပေါ်တူဂီသားဟာ ယူနိုက်တက်အတွက် ပွဲပေါင်း ၂၃၀ ကျော်အထိပါဝင်ကစားကာ ကွန်မြူနတီဒိုင်း၊ လိဂ်ဖလားနဲ့ ဖီဖာကလပ်ကမ္ဘာ့အောင်မြင်မှုတွေကိုလည်း ရရှိထားခဲ့သူဖြစ်ပါတယ်။ 

နာနီရဲ့ ဘောလုံးနည်းစနစ်၊ ကစားဟန်၊ စိတ်အားထက်သန်မှုနဲ့ သွင်းဂိုးတွေက ယူနိုက်တက်ပရိသတ်တွေအတွက် ရသအမျိုးမျိုးပေးစွမ်းနိုင်ခဲ့ပြီး ပရိသတ်အချစ်တော်ကစားသမားတစ်ဦးအဖြစ်လည်း ရပ်တည်နိုင်ခဲ့သူဖြစ်ပါတယ်။  ပေါ်တူဂီလက်ရွေးစင်ဟောင်းဟာ ၂၀၁၄ ခုနှစ်မှာတော့ ယူနိုက်တက်မှထွက်ခွာလာခဲ့ပြီး အသင်းဟောင်းစပို့တင်းသို့ ပြန်လည်ပြောင်းရွှေ့သွားခဲ့ပါတယ်။ ထို့နောက်မှာတော့ နာနီဟာ တူရကီ၊ စပိန်၊ အီတလီ၊ ဩစတြေးလျနဲ့ အမေရိကန်နိုင်ငံတို့မှာ ကစားသမားဘဝကို ဆက်လက်ဖြတ်သန်းခဲ့ပြီး နောက်ဆုံးကစားခဲ့တဲ့ကလပ်ကတော့ သူ့ရဲ့မွေးရပ်ဇာတိက အက်စ်ထရီလာအာမာဒိုရာဖြစ်ပါတယ်။ 

ယခုအခါမှာတော့ ကာဇက်စတန်ကလပ် အက်တိုဘီသို့ပြောင်းရွှေ့သွားပြီဖြစ်ကြောင်းကို နာနီက "အက်တိုဘီနဲ့ပူးပေါင်းခွင့်ရတဲ့အတွက် အရမ်းဝမ်းသာမိပါတယ်။ ကာဇက်စတန်နိုင်ငံနဲ့ ဒီအသင်းရဲ့ဘောလုံးအဆင့်အတန်းတိုးတက်လာစေဖို့ ပါဝင်ကူညီပေးသွားပါမယ်။ ဒီအသင်းရဲ့ အနာဂတ်အပေါ်ထားတဲ့ မျှော်မှန်းချက်တွေကို သဘောကျမိတာကြောင့် ပြည်တွင်းမှာရော၊ ပြည်ပမှာပါ အဆင့်တစ်ခုအထိရောက်စေဖို့ အစွမ်းကုန်ကြိုးစားသွားပါမယ်" လို့ဆိုရှယ်မီဒီယာမှတစ်ဆင့် ကြေညာခဲ့ပါတယ်။ 

နာမည်ကျော်သတင်းထောက် ဘန်ယာကော့ဘ်ရဲ့အဆိုအရ နာနီဟာ အက်တိုဘီနဲ့ ၁ နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကိုချုပ်ဆိုထားခဲ့ပြီး ကစားသမားအနေနဲ့ပါဝင်ကစားမှာဖြစ်သလို ကလပ်ရဲ့ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းပြင်ပရာထူးတစ်ခုကိုလည်း လက်ခံဆောင်ရွက်သွားမယ်လို့သိရပါတယ်။