ဘာစီလိုနာလူငယ်ကြယ်ပွင့် ဒရိုဖာနန်ဒက်ဇ်ကို အပြီးသတ်ခေါ်ယူခဲ့တဲ့ ပီအက်စ်ဂျီ
ပီအက်စ်ဂျီက အသက်-၁၈ နှစ်အရွယ်ဘာစီလိုနာကစားသမား ဒရိုဖာနန်ဒက်ဇ်ကို အပြီးသတ်ခေါ်ယူခဲ့ပြီလို့ ကလပ်အသင်းနှစ်ခုလုံးမှ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ပါရီသားတွေက နည်းပြလူးဝစ်အင်းနရစ်နဲ့ အေးဂျင့်တူညီတဲ့ စပိန်ကစားသမားကိုခေါ်ယူဖို့ ဥရောပကလပ်အသင်းအချို့ကို ကျော်ဖြတ်ခဲ့ရပါတယ်။ ဒရိုက ချန်ပီယံလိဂ်ချန်ပီယံတွေနဲ့ လေးနှစ်ခွဲစာချုပ်မချုပ်ဆိုခင် တနင်္လာနေ့မှာ ဆေးစစ်မှုခံယူခဲ့ပါတယ်။
ဒရိုဖာနန်ဒက်ဇ်က ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအတွင်း ဘာစီလိုနာနဲ့အတူ ပွဲဦးထွက်ကို ပါဝင်ကစားခဲ့ပါတယ်။ သူက ဟန်စီဖလစ်ခ်ရဲ့သင်ကြားမှုအောက်မှာ ငါးပွဲအထိ ပါဝင်ကစားခဲ့ပါတယ်။ ဒရိုဖာနန်ဒက်ဇ်က ၂၀၂၂ ခုနှစ်၊ နွေရာသီမှာ Valmiñor ရှိ လူငယ်အသင်းတွေဆီမှ ဘာစီလိုနာဆီ ရောက်ရှိလာပါတယ်။
ဒရိုက ပီအက်စ်ဂျီမှာ ကျောနံပါတ်-၂၇ ဂျာစီအင်္ကျီကို ဝတ်ဆင်ပါလိမ့်မယ်။ လီဂူးဝမ်းကလပ်အသင်း အခုအပြောင်းအရွှေ့အတွက် ဒရိုရဲ့စာချုပ်ဖျက်သိမ်းကြေး ယူရို ၆ သန်းဆိုတဲ့ပမာဏထက် ပိုမိုပေးချေခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။ ပီအက်စ်ဂျီကတော့ ဒရိုဖာနန်ဒက်ဇ်ရောက်ရှိလာမှုကို “ ကလပ်အသင်းရဲ့အားကစားဗျူဟာနဲ့ အရည်အသွေးမြင့်လူငယ်တွေအပေါ် အခိုင်အမာအာရုံစိုက်ထားမှု”အဖြစ် ဖော်ပြခဲ့ပါတယ်။
ဒရိုက “ ပီအက်စ်ဂျီဆီရောက်ရှိလာလို့ အလွန်ဂုဏ်ယူမိသလို အလွန်ပျော်ရွှင်မိပါတယ်။ ဒါက ကျွန်တော်နဲ့ ကျွန်တော့်မိသားစုအတွက် ဂုဏ်ယူစရာအခိုက်အတန့်ကြီးတစ်ခု ဖြစ်ပါတယ်။ ပီအက်စ်ဂျီဆိုတာ ကျွန်တော် ကလေးဘဝကတည်းက အားပေးခဲ့ရတဲ့ အသင်းကြီးတစ်ခုဖြစ်ပြီး ကြီးကျယ်ခမ်းနားတဲ့ဂန္တဝင်တွေ သမိုင်းသစ်ရေးထိုးခဲ့တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်”လို့ ပြောပါတယ်။