The network connection is lost.

Banner Image

နည်းပြလောကထဲ ပြန်ဝင်ချင်ကြောင်း ဖွင့်ဟလာတဲ့ ရိုင်ယန်ဂစ်

မန်ချက်စတာယူနိုက်တက် ဂန္ထဝင်ကစားသမား ရိုင်ယန်ဂစ်က လာမယ့်ရာသီမှာ နည်းပြလောကထဲကို ပြန်ဝင်ရောက်လိုတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

၂၀၂၂ ခုနှစ် ဇွန်လမှာ တရားရုံးကိစ္စတွေကြောင့် ဝေးလ်အမျိုးသားအသင်း နည်းပြရာထူးကနေ နုတ်ထွက်ခဲ့ပြီးနောက်ပိုင်း ဂစ်ဟာ သူနဲ့ သူ့ရဲ့ ယူနိုက်တက်အသင်းဖော်ဟောင်းတွေ ပူးတွဲပိုင်ဆိုင်တဲ့ လိဂ်တူးကလပ် ဆဲလ်ဖို့ဒ်စီးတီးအသင်းမှာ ဘောလုံးဒါရိုက်တာအဖြစ် အချိန်အတော်ကြာ တာဝန်ယူခဲ့ပါတယ်။

သူဟာ အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ဂယ်ရီနဗီးလ်၊ ဖီးလ်နဗီးလ်၊ ပေါလ်စခိုးလ်နဲ့ နစ်ကီဘတ်တို့နဲ့အတူ ငါးနှစ်အတွင်းမှာ အသင်းကို လေးကြိမ်တိုင်တိုင် တန်းတက်နိုင်အောင် ကူညီပေးခဲ့သူလည်း ဖြစ်ပါတယ်။

အခုအခါမှာတော့ သူက နည်းပြလောကထဲ ပြန်ဝင်ဖို့ အခွင့်အရေးအဖြစ် ရာသီသစ်ကို ပစ်မှတ်ထားနေပြီး ကွင်းဘေးကနေ အသင်းကို အောင်မြင်အောင် ပြန်လည်ဦးဆောင်နိုင်ဖို့ မျှော်လင့်နေပါတယ်။

Telegraph သတင်းဌာနရဲ့ ဖော်ပြချက်အရ ဂစ်က “ကျွန်တော် နောက်တစ်ကြိမ် နည်းပြပြန်မလုပ်ဖြစ်တော့ဘူးဆိုရင်လည်း ကမ္ဘာပျက်သွားစရာမရှိပါဘူး၊ ဒါပေမဲ့ နည်းပြဘဝနဲ့ ပတ်သက်လို့ ကျွန်တော် လုပ်စရာတွေ ကျန်နေသေးတယ်လို့ ခံစားရတယ်” လို့ ပြောပါတယ်။

“နည်းပြတစ်ယောက်အနေနဲ့ဆိုရင် ကျွန်တော်က ငယ်ပါသေးတယ်။ အရင်က နည်းပြလုပ်ခဲ့ရတဲ့ မိနစ်တိုင်းကို ကျွန်တော် သဘောကျခဲ့တာ။ ဖိအားတွေ၊ နိုင်ငံတကာပွဲစဉ်တွေရဲ့ ပြင်းထန်မှုတွေ၊ ပြင်ဆင်မှုတွေနဲ့ နိုင်ချင်တဲ့ စိတ်ဓာတ်တွေကို ကျွန်တော် မြတ်နိုးပါတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် “ကလပ်အသင်းပဲဖြစ်ဖြစ်၊ နိုင်ငံအသင်းပဲဖြစ်ဖြစ် နည်းပြနေရာကို ပြန်သွားချင်ပါတယ်။ ကျွန်တော့်မှာ ပေးဆပ်စရာတွေ အများကြီး ကျန်နေသေးတယ်လို့ ခံစားရတယ်။ ကျွန်တော်ပြောသလိုပဲ တကယ့်ကို မပြီးဆုံးသေးတဲ့ အလုပ်တွေ ရှိနေပါသေးတယ်” လို့ သူက ဆက်ပြောပါတယ်။

၂၀၂၀ ပြည့်နှစ် အောက်တိုဘာလမှာ ဝေးလ်အသင်းကို ဘူဂေးရီးယားအသင်းနဲ့ပွဲမှာ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရအောင် ပို့ဆောင်ပေးခဲ့ပြီးနောက်ပိုင်း ဂစ်ဟာ ဘောလုံးပွဲတွေကို ကိုင်တွယ်ခဲ့ခြင်း မရှိတော့ပါဘူး။ ဒါကြောင့်လည်း သူ့အနေနဲ့ လိဂ်တူးထက် မြင့်မားတဲ့ အသင်းတွေမှာ နည်းပြရာထူး ချက်ချင်းရရှိဖို့ ခက်ခဲနိုင်ပါတယ်။

ဒါပေမဲ့လည်း ကစားသမားဘဝရော ဘောလုံးဒါရိုက်တာအဖြစ်ပါ ရရှိထားတဲ့ သူ့ရဲ့ အတွေ့အကြုံရင့်ကျက်မှုတွေက ဘောလုံးလောကထဲ ပြန်ဝင်ဖို့ ကြိုးစားနေတဲ့ ဂစ်အတွက် အသင်းအချို့ကို ဆွဲဆောင်နိုင်ဖွယ် ရှိနေပါတယ်။