ကာရစ်ကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်စေချင်တဲ့ ယူနိုက်တက်ဂန္ထဝင် ရိုင်ယန်ဂစ်
မန်ချက်စတာယူနိုက်တက် ဂန္ထဝင်ကစားသမား ရိုင်ယန်ဂစ်က မိုက်ကယ်ကာရစ်ကို အသင်းရဲ့ နည်းပြအဖြစ် ရေရှည်ခန့်အပ်ဖို့ ထောက်ခံအားပေးလိုက်ပါတယ်။
ဇန်နဝါရီလတုန်းက ရာထူးကနေ ထုတ်ပယ်ခံလိုက်ရတဲ့ ရူဘင်အမော်ရင်ရဲ့နေရာမှာ အစားဝင်လာခဲ့တဲ့ ကာရစ်ဟာ မန်ယူအသင်းကို ပရီးမီးယားလိဂ် အဆင့် (၃) နေရာရောက်အောင် ပို့ဆောင်ပေးထားနိုင်ပေမဲ့ သူ့ရဲ့စာချုပ်သက်တမ်းကတော့ လာမယ့် ဇွန်လမှာတင် ကုန်ဆုံးမှာ ဖြစ်ပါတယ်။
ဂစ်က Gold Star Promotions နဲ့ စကားပြောဆိုရာမှာ "ဟုတ်ပါတယ်၊ မိုက်ကယ်က ကျွန်တော့်သူငယ်ချင်းဖြစ်နေလို့ ကျွန်တော့်ဘက်က နည်းနည်းတော့ ဘက်လိုက်မိတာမျိုး ရှိနိုင်ပေမဲ့ သူဟာ တကယ့်ကို အံ့ဩစရာကောင်းတဲ့ အလုပ်တစ်ခုကို လုပ်ပြနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ အခုဆိုရင် အသင်းမှာ ယုံကြည်မှုတွေ ပြန်တက်လာသလို ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း အခြေအနေကောင်းတွေ ဖြစ်ပေါ်နေပါပြီ။ သူဟာ အချိန်တိုလေးအတွင်းမှာပဲ ကစားသမားတွေကို ပိုမိုတိုးတက်လာအောင် လုပ်ပေးနိုင်ခဲ့တယ်လို့လည်း မြင်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဂစ်က "ဒါကြောင့် ကျွန်တော် တကယ်ကို သဘောကျမိပါတယ်။ မိုက်ကယ်ကို ကစားသမားတစ်ယောက်အနေနဲ့ရော၊ အခု နည်းပြတစ်ယောက်အနေနဲ့ပါ ကောင်းကောင်းသိထားတာမို့လို့ ဒါတွေက ကျွန်တော့်အတွက်တော့ ထူးဆန်းတဲ့ကိစ္စ မဟုတ်ပါဘူး။ ဒါကြောင့် သူ့ကို နည်းပြရာထူး အမြဲတမ်းပေးလိုက်စေချင်ပါတယ်" လို့ ဆိုခဲ့ပါတယ်။