ပြင်သစ်အသင်းရဲ့ ခရီးစဉ်အတွင်း မန်စီးတီးကြယ်ပွင့် ချာကီရဲ့ ခြေစွမ်းအပေါ် သဘောကျနေတဲ့ ကန်တေ
ဖီနာဘာချီအသင်းရဲ့ ကွင်းလယ်လူ ကန်တေက သူ့ရဲ့ ပြင်သစ်အသင်းဖော် ရာယန်ချာကီကို သဘောကျမိတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။ ဒီတစ်ပတ် အမေရိကန်နိုင်ငံကို သွားရောက်ခဲ့တဲ့ ပြင်သစ်အသင်းရဲ့ ခရီးစဉ်အတွင်းမှာ မန်စီးတီးကွင်းလယ်လူရဲ့ ခြေစွမ်းအပေါ် ကန်တေက အထင်ကြီးနေခဲ့တာပါ။
ကန်တေက "ကျွန်တော့်အနေနဲ့ ပြောရရင် သူက ကျွန်တော် အခုမှ စပြီး သိခွင့်ရတဲ့ ကစားသမားမျိုးပါ၊ ဘာလို့လဲဆိုတော့ လက်ရွေးစင်အသင်းမှာ အတူတူ မဆုံခင်အထိ သူနဲ့ အလုပ်တွဲမလုပ်ဖူးလို့ပါ။ သူက အရည်အချင်း တကယ်ရှိတဲ့ ကစားသမားတစ်ယောက်ဖြစ်သလို ပွဲကို အပြောင်းအလဲဖြစ်အောင် လုပ်ပေးနိုင်သူလည်း ဖြစ်ပါတယ်။ သူပိုင်ဆိုင်ထားတဲ့ နည်းစနစ်ပိုင်းကလည်း ပုံမှန်ထက်ကို သာလွန်နေတာပါ" လို့ ဆိုပါတယ်။
"အခုလို အသင်းမှာ အတူတူ တွဲဖက်ကစားခွင့်ရတဲ့အခါမှာတော့ သူ့မှာ တောက်ပတဲ့ အနာဂတ်ရှိနေတယ်ဆိုတာ မြင်တွေ့ရပါတယ်။ သူ့ရှေ့မှာ အောင်မြင်မှုတွေ အများကြီးရှိနေလိမ့်မယ်လို့လည်း ကျွန်တော် မျှော်လင့်ပါတယ်" လို့လည်း ကန်တေက ဆက်ပြောပါတယ်။
"သူ့ရဲ့ ဘယ်လိုအချက်တွေက ကျွန်တော့်ကို အထင်ကြီးစေသလဲဆိုရင်တော့ သူ့ရဲ့ နည်းစနစ်ပိုင်း၊ ခက်ခဲတဲ့ အခြေအနေတွေကနေ လိမ္မာပါးနပ်စွာ ရုန်းထွက်နိုင်စွမ်းရှိတာနဲ့ ပွဲကို အဆုံးအဖြတ်ပေးနိုင်စွမ်းရှိတဲ့ အရည်အချင်းတွေကြောင့်ပဲ ဖြစ်ပါတယ်" လို့ ၎င်းက ပြောကြားခဲ့ပါတယ်။