The network connection is lost.

Banner Image

မန်စီးတီးကနေ ထွက်ခွာဖို့ ပြင်ဆင်နေကြောင်း ဘာနာဒိုက နောက်တစ်ကြိမ် အရိပ်အမြွက် ပြောကြား

ဘာနာဒို ဆေးလ်ဗားက ဒီရာသီကုန်မှာ မန်စီးတီးအသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်း ထပ်မံ ပြောကြားလိုက်ပါတယ်။

လာမယ့် ဇွန်လမှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် စီးတီးအသင်းခေါင်းဆောင်က သူဟာ မန်ချက်စတာရဲ့ ရာသီဥတုကို တစ်ခါမှ သဘောမကျခဲ့ဖူးကြောင်း ဝန်ခံပြောဆိုခဲ့ပါတယ်။

သူက ကလပ်အသင်းရဲ့ တရားဝင် ပေါ့တ်ကတ်စ် (podcast) မှာ "ပေါ်တူဂီနဲ့ အင်္ဂလန်ကြားမှာ ယဉ်ကျေးမှု၊ အချိန်ဇုန်၊ အစားအသောက် စတာတွေ အများကြီး ကွာခြားပါတယ်။ ကျွန်တော် အမြဲတမ်း နောက်ပြောင်ပြီး ပြောလေ့ရှိတာကတော့ မန်စီးတီးအသင်းသာ ဥရောပတောင်ဘက်ပိုင်း (ရာသီဥတု ပိုသာယာတဲ့နေရာ) မှာ ရှိနေမယ်ဆိုရင် ဒီအသင်းမှာပဲ တစ်သက်လုံး နေသွားမှာပါ။ ကျွန်တော် ဒီကလပ်ကို ချစ်ပါတယ်" လို့ ပြောခဲ့ပါတယ်။

"ကျွန်တော် ဒီနေရာကို မကြိုက်ဘူးလို့ ပြောတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ယဉ်ကျေးမှုအရဆိုရင် မန်ချက်စတာဟာ ကျွန်တော့်ဘဝအတွက် လိုချင်တဲ့ စံပြနေရာမျိုးနဲ့ မကိုက်ညီပါဘူး။ တချို့အချိန်တွေမှာ ကျွန်တော် မပျော်ဘူးလို့ ခံစားရတယ်၊ ဇနီးသည်နဲ့ မတွေ့ခင်တုန်းကဆိုရင် ကျွန်တော် အမြဲတမ်း တစ်ယောက်တည်း ဖြစ်နေခဲ့ပြီး စိတ်မကြည်မလင် ဖြစ်နေခဲ့တာကြောင့် အသင်းကနေ ထွက်ခွာဖို့ မကြာခဏ စဉ်းစားခဲ့ဖူးပါတယ်။ ဒါဟာ အသင်းကို မကြိုက်လို့ မဟုတ်တာကတော့ သေချာပါတယ်။ ဒါပေမဲ့ ကျွန်တော် တကယ်တမ်း မထွက်ဖြစ်ခဲ့ဘဲ အခုတော့ ပျော်ရွှင်နေပါတယ်" လို့ ဆိုပါတယ်။

"တကယ်လို့သာ ကျွန်တော် ထွက်သွားခဲ့ရင် ဖလားသုံးလုံးအောင်မြင်မှု (Treble) နဲ့ ပရီမီယံလိဂ် လေးကြိမ်ဆက် ဗိုလ်စွဲတာမျိုးလို အမှတ်တရ အခိုက်အတန့်တွေကို လွဲချော်သွားပါလိမ့်မယ်။ အခုဆိုရင် ကျွန်တော့်မှာ အသင်းခေါင်းဆောင် လုပ်ခွင့်ရပြီး လူငယ်ကစားသမားတွေကို အတွေ့အကြုံတွေ မျှဝေပေးနိုင်မယ့် အခွင့်အရေးလည်း ရနေပါပြီ။ ဒါပေမဲ့ ဟုတ်ပါတယ်၊ မန်စီးတီးအသင်းသာ လစ္စဘွန်းမှာ ရှိနေမယ်ဆိုရင်တော့ ကျွန်တော် အသက် ၄၀ အထိ ဒီမှာပဲ ဆက်နေမှာပါ" လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။