မန်စီးတီးကွင်းလယ်ကစားသမားချာကီကို ပြင်းပြင်းထန်ထန်ဝေဖန်လိုက်တဲ့ ဒူဂါရီ
ပြင်သစ်လက်ရွေးစင်နဲ့ ကမ္ဘာ့ဖလားချန်ပီယံဟောင်းဒူဂါရီက မန်စီးတီးအသင်းကွင်းလယ်လူချာကီကို ပစ်မှတ်ထားဝေဖန်လိုက်ပါတယ်။
ကိုလံဘီယာကိုအနိုင်ယူခဲ့တဲ့ ပြင်သစ်အသင်းရဲ့ခြေစမ်းပွဲမှာ ချာကီရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်လို့ ဒူဂါရီ သဘောမကျခဲ့ပါဘူး။
RMC သတင်းဌာနနဲ့တွေ့ဆုံချိန် ဒူဂါရီက "ဘောလုံးဆုံးရှုံးလိုက်ရချိန်မှာ ရပ်ကြည့်နေတတ်တဲ့ ဒီကစားသမားက ဘယ်သူလဲ။ ဘောလုံးထိလိုက်တိုင်းမှာ ဟန်ပန်ထုတ်နေတဲ့ ဒီကစားသမားက ဘယ်သူလဲ။ ချာကီအကြောင်း ဒီလိုမျိုးတွေ ချီးမွမ်းပြောဆိုနေတာကို ရပ်လိုက်ကြပါတော့။ သူဟာ ထူးချွန်တဲ့ကစားသမားတစ်ဦးဆိုတာ ကျွန်တော်တို့အားလုံး သဘောတူပါတယ်၊ ဒါကို သံသယဖြစ်စရာမလိုပါဘူး။ ဒါပေမဲ့ ခဏလေးနော်၊ သူက အိုလီစီ၊ ဒူယီ၊ ဒမ်ဘီလီ၊ ဘာကိုလာတို့နဲ့ တခြားကစားသမားတွေထက် ဘာတွေများ ပိုသာနေလို့လဲ။ တော်လိုက်ကြပါတော့။" လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ၎င်းက "လက်ရှိမှာတော့ ချာကီဟာ အရန်ကစားသမားအဖြစ် အလှည့်ကျကစားပေးရပြီး ဒါ ပြင်သစ်အသင်းအတွက် ကောင်းပါတယ်။ ဒါပေမဲ့ ဒီထက်ပိုပြီး ဘာမှမထူးခြားလာသေးပါဘူး။ သူက အချိန်ကြာလာတာနဲ့အမျှ ပိုပြီးကောင်းမွန်လာဖို့နဲ့ ခြေစွမ်းတည်ငြိမ်ဖို့ လိုအပ်နေသေးတဲ့ ကစားသမားတစ်ဦးပါ။ သူက တစ်ခုခုကို လက်တွေ့ပြသဖို့၊ သက်သေပြဖို့ လိုအပ်နေပါသေးတယ်။ ချာကီဆိုတာ ဇီဒန်း မဟုတ်ပါဘူး" လို့ ဝေဖန်ပြောဆိုသွားခဲ့ပါတယ်။