ဒီရာသီမှာအောင်မြင်မှုမရရင် ချဲလ်ဆီးက ယူနိုက်တက်လိုအခြေအနေမျိုး ကြုံတွေ့သွားရနိုင်တယ်လို့ သတိပေးလာတဲ့ ဂါးလက်စ်
အာဆင်နယ်၊ ချဲလ်ဆီးနဲ့ တော့တင်ဟမ် အသင်းတို့ရဲ့ နောက်ခံလူဟောင်း ဝီလျံဂါးလက်စ်က ချဲလ်ဆီးအနေနဲ့ အောင်မြင်မှုတွေ အမြန်ဆုံးပြန်ရအောင် မလုပ်နိုင်ရင် မန်ယူအသင်းရဲ့ အခြေအနေမျိုးနဲ့ ကြုံတွေ့ရနိုင်တယ်လို့ ပြောကြားခဲ့တာပါ။
ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်ကနေ ၂၁ ရက်အတွင်းမှာတင် လေးပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ပါတယ်။ အဲဒီအထဲမှာ ပီအက်စ်ဂျီအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ပွဲစဉ်မှာ နှစ်ကျော့ပေါင်း ၈ ဂိုး - ၂ ဂိုးဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်ရှုံးနိမ့်ပြီး ဥရောပပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာလည်း ပါဝင်ပါတယ်။
ဒီရာသီမှာ ချဲလ်ဆီးဟာ မျှော်လင့်ထားသလောက် ခြေစွမ်းမပြနိုင်ဘဲ အန်ဇိုမာရက်စကာဆီကနေ အသင်းကို လွှဲပြောင်းကိုင်တွယ်ခဲ့တဲ့ လီယမ်ရိုဆင်နီယာဟာလည်း အသင်းရဲ့အခြေအနေကို ထူးထူးခြားခြား ပြောင်းလဲပေးနိုင်ခြင်း မရှိတာကြောင့် အခုဆိုရင် ဖလားလက်မဲ့ဖြစ်ဖို့ သေချာသလောက် ရှိနေပြီ ဖြစ်ပါတယ်။
BOYLE Sports နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဂါးလက်စ်က အနောက်လန်ဒန်ကလပ် ချဲလ်ဆီးအနေနဲ့ အခြေအနေကောင်းအောင် အမြန်ဆုံး ပြန်ကြိုးစားရမယ်၊ မဟုတ်ရင်တော့ ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် ပရီမီယာလိဂ်ဖလား မရနိုင်တော့တဲ့ မန်ယူအသင်းလို ဖြစ်သွားလိမ့်မယ်လို့ ဆိုပါတယ်။
"ကစားသမားဟောင်း တစ်ယောက်အနေနဲ့ ပြောရရင် ချဲလ်ဆီးလို အသင်းကြီးမျိုးမှာ အောင်မြင်မှုဆိုတာ ချက်ချင်းရဖို့ လိုပါတယ်။ အခုနောက်ပိုင်းမှာတော့ လူတိုင်းက အသင်းကို ပြန်လည်တည်ဆောက်ဖို့ အချိန်လိုအပ်တယ်လို့ ပြောနေကြတယ်။ ဒါကြောင့်လည်း မန်ယူနဲ့ အာဆင်နယ်လို အသင်းတွေမှာ ရေရှည်စီမံကိန်းတွေ ရှိနေတာပါ။ ဒါပေမဲ့ ကျွန်တော့်အမြင်မှာတော့ ဒါဟာ အရင်တုန်းက သူတို့မှားခဲ့တဲ့ အမှားတွေကြောင့်သာ ဖြစ်ပါတယ်" လို့ ၎င်းက ပြောပါတယ်။
"ဒါကြောင့်လည်း မန်ယူလို အသင်းမျိုးဟာ အခြေအနေ ပြန်ကောင်းလာဖို့ ကြိုးစားနေပေမဲ့ အရမ်းကို နှေးကွေးနေတာပါ။ ကျွန်တော့်အတွက်တော့ သူတို့ဟာ အရင်လို အကောင်းဆုံး အခြေအနေမျိုးကို မရောက်သေးပါဘူး။ ကျွန်တော် မန်ယူနဲ့ ရင်ဆိုင်ကစားခဲ့ရတဲ့ အချိန်တွေကို မှတ်မိနေပါသေးတယ်။ အဲဒီတုန်းက အသင်းဟာ တကယ်ကို ကြောက်ဖို့ကောင်းပါတယ်။ ကွင်းထဲမှာ ကစားနေတဲ့ ကစားသမားတွေကို ရင်ဆိုင်ရတာကအစ တကယ်ကို မလွယ်ကူတဲ့ ကိစ္စပါ"
"ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ သူတို့ရဲ့ အခြေအနေက တကယ်ကို ဆိုးရွားခဲ့ပါတယ်။ မိုက်ကယ်ကာရစ် လက်ထက်မှာ ပြန်ကောင်းလာဖို့ ကြိုးစားနေပေမဲ့ သူတို့ရဲ့ လူစာရင်းကို ကြည့်လိုက်ရင် အရင်လို ကြောက်စရာကောင်းတဲ့ အသင်းမျိုး မဟုတ်တော့ပါဘူး။ ဒါဟာ အတိတ်က မှားခဲ့တဲ့ အမှားတွေကြောင့်ပါပဲ။ ဒါကြောင့်လည်း အခုချိန်မှာ လူတိုင်းက အချိန်လိုအပ်တယ်လို့ ပြောနေကြတာပါ။ အသင်းတစ်သင်း အရင်လို အဆင့်အတန်းမျိုး ပြန်ရောက်ဖို့ အချိန်ပေးရပါလိမ့်မယ်" လို့လည်း ဂါးလက်စ်က ဆက်ပြောခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဟာ ဇန်နဝါရီလမှာ ရိုဆင်နီယာ အသင်းကို စတင်တာဝန်ယူခဲ့ပြီးနောက် ကစားခဲ့တဲ့ ၁၉ ပွဲမှာ ၁၀ ပွဲ အနိုင်ရရှိထားပြီး ၇ ပွဲရှုံး၊ ၂ ပွဲ သရေကျထားပါတယ်။ လက်ရှိမှာတော့ သူတို့ဟာ ချန်ပီယံလိဂ်ဝင်ခွင့် နေရာတစ်ခုရဖို့နဲ့ အရင်လို ခြေစွမ်းမျိုး ပြန်ရဖို့အတွက် အစွမ်းကုန် ကြိုးစားနေရတာလည်း ဖြစ်ပါတယ်။