The network connection is lost.

Banner Image

လီဗာပူးအတွက် ဂိုးသွင်းယူပြီး မာဆေးဆိုဒ်ဒါဘီကို နှုတ်ဆက်လိုက်တဲ့ မိုဆာလက်

တနင်္ဂနွေနေ့မာဆေးဆိုဒ်ဒါဘီပွဲစဉ်မှာ မိုဆာလက်ရဲ့နောက်ထပ်ဂိုးသွင်းယူမှုကို ကြည့်ခဲ့ရတဲ့ အဲဗာတန်ပရိသတ်တွေအတွက် တစ်ခုတည်းသော နှစ်သိမ့်မှုကတော့ ပြိုင်ဘက်အသင်းရဲ့အနီရောင်ဂျာစီနဲ့အတူ ဒီအီဂျစ်တိုက်စစ်မှူးကို နောက်ထပ်မြင်တွေ့ရဖို့ မရှိတော့တာပါပဲ။

အသက် ၃၃ နှစ်အရွယ်တောင်ပံကစားသမားက အခုဘောလုံးရာသီကုန်ဆုံးချိန်၊ အန်ဖီးလ်မှထွက်ခွာမယ်လို့ ကြေညာထားပြီး အခုပွဲစဉ်မှာလည်း သူ့ရဲ့ထုံးစံအတိုင်း အဖွင့်ဂိုးကို သွင်းယူပေးခဲ့ကာ ၂-၁ ဂိုးဆိုတဲ့ရလဒ်ဖြင့် လီဗာပူးအတွက် အဖိုးတန်နိုင်ပွဲ ရှာဖွေပေးခဲ့ပါတယ်။

ဒီဂိုးကြောင့် မိုဆာလက်က လီဗာပူးကွင်းလယ်လူဟောင်းစတီဗင်ဂျရတ်ရဲ့ ပရီးမီးယားလိဂ်မာဆေးဆိုဒ်ဒါဘီသွင်းဂိုးစံချိန်(၉ ဂိုး)ကို အမှီလိုက်နိုင်ခဲ့သလို နောက်ဆုံးမှာတော့ အသင်းခေါင်းဆောင်ဗန်ဒိုက်ရဲ့ခေါင်းတိုက်အနိုင်ဂိုးသွင်းယူမှုနဲ့အတူ နှုတ်ဆက်ပွဲကို ပြီးပြည့်စုံအောင် ဖန်တီးပေးခဲ့ပါတယ်။

"တကယ့်ကို ခံစားလို့ကောင်းပါတယ်" လို့ မိုဆာလက်က သူ့ရဲ့နောက်ဆုံးမာဆေးဆိုဒ်ဒါဘီဂိုးသွင်းယူမှုနဲ့ပတ်သက်လို့ Sky Sports ဆီ ပြောကြားခဲ့ပါတယ်။ "အရေးကြီးဆုံးကတော့ အသင်းကိုတည်ငြိမ်မှုရှိစေပြီး ယုံကြည်မှုပိုရှိလာအောင် ကူညီပေးနိုင်ခဲ့တာပါ။ ပွဲမတိုင်ခင်ကတည်းက ဒါ ခက်ခဲတဲ့ပွဲစဉ်ဖြစ်မယ်ဆိုတာ သိထားပြီးသားမို့ အခုလိုအနိုင်ရခဲ့လို့ ဝမ်းသာမိပါတယ်" လို့ ဆိုပါတယ်။

အဲဗာတန်ရဲ့အိမ်ကွင်းသစ်ဖြစ်တဲ့ Hill Dickinson ကွင်းပွဲစဉ်ရဲ့ အစောပိုင်းမိနစ်တွေမှာ အားမာန်အပြည့်ကစားခဲ့တဲ့ အဲဗာတန်ကြောင့် လီဗာပူးတို့ အခက်တွေ့ခဲ့ရပေမဲ့ ပွဲချိန်နာရီဝက်ဝန်းကျင်၊ မိုဆာလက်ရဲ့ဦးဆောင်ဂိုးသွင်းယူမှုနဲ့အတူ ဖိအားတွေ လျှော့ချနိုင်ခဲ့ပါတယ်။

"လာမယ့်ရက်သတ္တပတ်တွေမှာ သူ့အကြောင်း ကျွန်တော် အများကြီး ပြောရပါဦးမယ်၊ မိုဆာလက်ဆိုတာ ကွင်းတွင်းမှာရော ကွင်းပြင်ပမှာပါ ကျွန်တော်တို့အတွက် အလွန်အရေးပါပါတယ်" လို့ ဗန်ဒိုက်က မိုဆာလက်အပေါ် ချီးကျူးခဲ့ပါတယ်။

"တစ်ခါတလေကျရင် ကစားသမားတစ်ဦးထွက်သွားတော့မှပဲ တန်ဖိုးထားတတ်ကြတာမျိုးရှိပေမဲ့ ကျွန်တော်တို့ကတော့ သူ့ကို အမြဲတမ်းတန်ဖိုးထားပါတယ်။ သူက အကောင်းဆုံးအသင်းဖော်တစ်ဦးဖြစ်ပြီး ကျွန်တော်တို့အတူတူ အောင်မြင်မှုတွေ၊ ကျရှုံးမှုတွေကို ဖြတ်ကျော်ခဲ့ကြတယ်။ ကျန်ရှိနေတဲ့ ပွဲစဉ်ငါးမှာလည်း သူဟာ ဆက်ပြီး အရေးပါနေပါဦးမယ်" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

ပရီးမီးယားလိဂ်နောက်ဆုံးသုံးပွဲမှာ သုံးဂိုးသွင်းယူထားတဲ့ မိုဆာလက်က ရာသီအစောပိုင်းခြေစွမ်းတည်ငြိမ်မှုမရှိခဲ့ပေမဲ့ အခုတော့ ပိုကောင်းတဲ့ပုံစံ ပြန်ရနေပါပြီ။ ဒါပေမဲ့ သူပေးဆပ်ဖို့ ကျန်သေးတယ်လို့ ဆိုပါတယ်။

"ဂိုးတွေဆက်သွင်းပြီး အသင်းကို ဒီရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် ကူညီပေးချင်ပါတယ်၊ အကောင်းဆုံးပုံစံနဲ့ပဲ နှုတ်ဆက်နိုင်ဖို့ မျှော်လင့်ပါတယ်" လို့ မိုဆာလက်က ပြောကြားခဲ့ပါတယ်။