The network connection is lost.

Banner Image

အာဆင်နယ်ရဲ့ချန်ပီယံဆုမျှော်လင့်ချက် မကုန်ဆုံးသေးဘူးလို့ ပြောကြားလိုက်တဲ့ ဂယ်ရီလိုင်နီကာ

ဂယ်ရီလိုင်နီကာကတော့ အာဆင်နယ်အသင်းအပေါ် ယုံကြည်မှုရှိနေဆဲဖြစ်ပြီး ဂန်းနားတွေအတွက် ဒီရာသီပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကို ဆွတ်ခူးနိုင်ဖို့ အခွင့်အရေးရှိနေသေးတယ်လို့ ယူဆနေပါတယ်။

အိမ်ကွင်းမှာ ဘုန်းမောက်ကို ရှုံးနိမ့်ခဲ့ပြီး သီတင်းတစ်ပတ်အကြာမှာပဲ နောက်ထပ် ၂-၁ ဂိုးနဲ့ နှစ်ပွဲဆက် ထပ်မံရှုံးနိမ့်ခဲ့လို့ အာဆင်နယ်ရဲ့ချန်ပီယံဖြစ်ခွင့်က မရေမရာဖြစ်လာသလို အရေးကြီးတဲ့အချိန်ရောက်ရင် ခြေချော်တတ်တဲ့ (bottling) အသင်းဆိုတဲ့ နာမည်ဆိုးကိုလည်း ဖျောက်ဖျက်ဖို့ ရုန်းကန်နေရပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ပွဲစဉ်တွေအပြီး ဇယားထိပ်မှာ အာဆင်နယ်ရဲ့ဦးဆောင်မှုက မန်စီးတီးနဲ့ သုံးမှတ်အကွာအထိ ကျဉ်းမြောင်းသွားခဲ့ပါပြီ။ မန်စီးတီးကတော့ ဗုဒ္ဓဟူးညမှာ ဘန်လေကို အနိုင်ရရင် ဇယားထိပ်ဆုံးနေရာဆီ တက်လှမ်းနို်ငပါလိမ့်မယ်။

လွန်ခဲ့တဲ့သီတင်းပတ်အနည်းငယ်အထိ အာဆင်နယ်က ဆုဖလားလေးလုံးအောင်ပွဲလမ်းကြောင်းပေါ် ရှိနေခဲ့ပေမဲ့ အခုတော့ ဆုဖလားလက်မဲ့ရာသီနဲ့ကြုံတွေ့နိုင်တဲ့ အခြေအနေမျိုး ဖြစ်နေပါတယ်။ ဒါပေမဲ့ "Rest is Football" ပေါ့ကတ်စ်မှာတော့ ဂယ်ရီလိုင်နီကာက အာဆင်နယ်အတွက် အားလုံးပြီးဆုံးသွားပြီဆိုတဲ့ အချက်ကို ငြင်းပယ်လိုက်ပြီး ကြိုးစားစရာတွေ ရှိနေသေးတယ်လို့ ပြောဆိုခဲ့ပါတယ်။

"ဂိုးကွာခြားချက်နဲ့ အဆုံးအဖြတ်ပေးရဖို့ဆိုတာ မဖြစ်နိုင်တာ မဟုတ်ပါဘူး၊ အမှတ်တွေက အရမ်းကပ်နေပါတယ်။ ဘယ်ဘက်ကမှမပါတဲ့ ပရိသတ်တွေအတွက်တော့ ဒါက တကယ်ကို စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ ရာသီကုန်အဆုံးသတ်အထိ ဒီလိုမျိုးအကြိတ်အနယ်ဖြစ်နေတာ တကယ်ကောင်းပါတယ်" လို့ ၎င်းက ဆိုပါတယ်။

ဒါ့အပြင် လိုင်နီကာက "အာဆင်နယ်အတွက် နည်းနည်းတော့ စိတ်မကောင်းဖြစ်မိတယ်၊ သူတို့ အခက်အခဲတချို့နဲ့ ကြုံနေရတာပါ။ ဒါပေမဲ့ သူတို့က ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ ရှိနေသေးသလို ပရီးမီးယားလိဂ် ချန်ပီယံဆုကိုလည်း ရယူနိုင်ဆဲ ဖြစ်ပါတယ်။ အာဆင်နယ်တို့ ခြေချော်သွားပြီလို့ လူအများက ပြောကြပါလိမ့်မယ်။ ဒါပေမဲ့ သူတို့အတွက် အမှတ်တရဖြစ်စေမယ့်ဘောလုံးရာသီတစ်ခု ဖြစ်လာနိုင်ပါသေးတယ်။ သူတို့တွေ ဖလားလက်လွှတ်လိုက်ရပြီဆိုတဲ့ လူအများစုရဲ့အမြင်နောက်ကို ကျွန်တော် မလိုက်ချင်ပါဘူး၊ အဲဒီလို ပြောဖို့ဆိုတာ အရမ်းစောပါသေးတယ်။ ရလဒ်တွေက သူတို့ဘက်မှာ မရှိခဲ့ပေမဲ့ သူတို့ တစ်ခုခုကိုတော့ သက်သေပြနိုင်ခဲ့ပါတယ်။ အခြေအနေတွေ အခုထက် ပိုကောင်းသွားနိုင်ပါသေးတယ်" လို့ သုံးသပ်ပြောကြားသွားခဲ့ပါတယ်။