ဖီယင်နုကိုရောက်ရှိပြီး ၂ လအကြာမှာပဲ ပြန်လည်ထွက်ခွာတော့မယ့် စတာလင်
ချယ်လ်ဆီးနဲ့ မန်စီးတီး တောင်ပံကစားသမားဟောင်း ရာဟင်န်စတာလင်ဟာ ဒတ်ချ်ကလပ် ဖီယင်နုအသင်းကို ရောက်ရှိပြီး ၂ လအကြာမှာပဲ အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။
အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ ဇန်နဝါရီလကမှ ချယ်လ်ဆီးအသင်းနဲ့ နှစ်ဦးသဘောတူ လမ်းခွဲခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီလမှာ ဖီယင်နုကို ပြောင်းရွှေ့ခဲ့တာပါ။ ဒီအပြောင်းအရွှေ့ဟာ ကလပ်အသင်းအတွက် ငွေကြေးအမြောက်အမြား အကုန်အကျခံခဲ့ရတဲ့ ကြိုးပမ်းမှုတစ်ခုဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
အသက် ၃၁ နှစ်အရွယ် တောင်ပံကစားသမားဟာ ဒီလအစောပိုင်းက ဗော်လန်ဒမ် (FC Volendam) အသင်းနဲ့ ၀-၀ သရေကျခဲ့တဲ့ပွဲအပြီးမှာ ဒတ်ချ်မီဒီယာတွေရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေကို ခံခဲ့ရပါတယ်။ ပရိသတ်တွေနဲ့ ဝေဖန်သုံးသပ်သူတွေကလည်း စတာလင်ရဲ့ ညံ့ဖျင်းတဲ့ ခြေစွမ်းအပေါ် စိတ်ပျက်နေကြတာပါ။
အခုအခါမှာတော့ The Mirror နဲ့ Liverpool Echo သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ပရီမီယာလိဂ်ကြယ်ပွင့်ဟောင်းဟာ ရာသီကုန်တာနဲ့ အသင်းကနေ ထွက်ခွာတော့မှာဖြစ်ပါတယ်။ နှစ်အတော်ကြာအောင် ကွင်းအတွင်း ခြေစွမ်းပြနိုင်ခြင်း မရှိတော့တဲ့ စတာလင်အတွက်တော့ ဒီအပြောင်းအရွှေ့ဟာ မအောင်မြင်တဲ့ ခရီးစဉ်တစ်ခု ဖြစ်ခဲ့ရပါတယ်။
ဖီယင်နုအသင်းရဲ့ ကစားသမားဟောင်း ဝီလီယမ် ဗန် ဟာနီဂမ်ကတော့ အခုလို အခြေအနေဆိုးနေတဲ့ စတာလင်ကို ဘောလုံးဖိနပ်ချိတ်ပြီး အနားယူဖို့ တိုက်တွန်းတဲ့ သတင်းစကားတစ်ခု ပေးခဲ့ပါတယ်။
"ကျွန်တော်သာ ဖီယင်နုဆိုရင်တော့ ပေးလိုက်ရတဲ့ ငွေတွေကို ပြန်တောင်းပြီး သူ့ကို အိမ်ပြန်ခိုင်းလိုက်မှာပါ။ သူက ဘယ်သူ့ကိုမှ အထောက်အကူ မဖြစ်ဘူး။ သူ အီဘီဇာ (Ibiza) ကျွန်းကိုပဲသွား၊ ရေကူးဝတ်စုံဝတ်ပြီး ဇနီးသည်နဲ့အတူ ပါအဲလာ (Paella) စားရင်းပဲ အနားယူသင့်ပါတယ်" လို့ သူက ပြောကြားခဲ့ပါတယ်။
လိဂ်ပွဲစဉ် ၄ ပွဲဆက်တိုက် ပွဲထွက်ခွင့်ရခဲ့ပြီးနောက်မှာတော့ နာအီမီဂန် (NEC Nijmegen) နဲ့ သရေကျခဲ့တဲ့ပွဲမှာ စတာလင်တစ်ယောက် လူစားလဲကစားသမားစာရင်းထဲ ရောက်သွားခဲ့ပြီး ကွင်းထဲဆင်းကစားခွင့်တောင် မရခဲ့ပါဘူး။
စတာလင်ဟာ ဖီယင်နုအသင်းကနေ ထွက်ခွာတော့မှာဖြစ်ပြီး အသင်းကတော့ လတ်တလောမှာ အမှတ်ပေးဇယားရဲ့ အဆင့် (၂) နေရာမှာ ရှိနေပါတယ်။ ဒါပေမဲ့ သူတို့ဟာ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ဒီရာသီ ချန်ပီယံဆုကို ဆွတ်ခူးဖို့ သေချာနေတဲ့ PSV အင်ဒိုဗင်အသင်းနဲ့ ၁၉ မှတ်အထိ ကွာဟနေတာလည်း ဖြစ်ပါတယ်။