The network connection is lost.

Banner Image

ဆာလက်၊ ဗန်ဒိုက်ခ် တို့လို ကစားသမားတွေနဲ့အတူ ကစားခွင့်ရဖို့က ကလေးတိုင်းရဲ့ အိပ်မက်ပါလို့ ဝုဒ်မန်း ဆို

ဖရက်ဒီဝုဒ်မန်းက အဲဗာတန်နဲ့ ကစားခဲ့တဲ့ မာဆေးဆိုဒ်ဒါဘီပွဲစဉ်မှာ လီဗာပူးအသင်းအတွက် ပရီမီယံလိဂ် ပွဲဦးထွက် ကစားခွင့်ရခဲ့တာနဲ့ အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနေရတဲ့ အခြေအနေတွေအကြောင်း ပြောပြလာပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အဲဗာတန်အသင်းရဲ့ Hill Dickinson ကွင်းမှာ ကစားခဲ့တဲ့ ပထမအကျော့ မာဆေးဆိုဒ်ဒါဘီပွဲစဉ်အတွင်း လီဗာပူးအသင်းရဲ့ အရန်ဂိုးသမား မာမာဒါရှဗီလီဟာ စိုးရိမ်စရာဒဏ်ရာကြောင့် လူနာထမ်းစင်နဲ့ ကွင်းပြင်ထွက်ခဲ့ရပါတယ်။

ဒါကြောင့် ဒုတိယပိုင်းမှာ အသက် ၂၉ နှစ်အရွယ် ဝုဒ်မန်း ဝင်ရောက်ကစားခွင့် ရခဲ့တာဖြစ်ပြီး သူဟာ အဲဗာတန်ရဲ့ ထိုးဖောက်မှုတွေကို ကာကွယ်နိုင်ခဲ့သလို ပရိသတ်တွေကိုလည်း အထင်ကြီးစေခဲ့ပါတယ်။ လာမယ့်သီတင်းပတ် ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲစဉ်မှာလည်း သူ့ကို ထပ်မံမြင်တွေ့ရဖို့ ရှိနေပါတယ်။

ပွဲအပြီးမှာတော့ ဝုဒ်မန်းက သူ့ရဲ့ အိပ်မက်တွေ တကယ်ဖြစ်လာတဲ့ အသင်းအတွက် ဝင်ကစားပေးခဲ့ရချိန်မှာ စိတ်လှုပ်ရှားမှုတွေ ရှိခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

"အမှန်အတိုင်းပြောရရင် နည်းနည်းတော့ ရင်ခုန်စိတ်လှုပ်ရှားရပါတယ်။ ဒါပေမဲ့ ဒီလိုရင်ခုန်တာမျိုးကပဲ ကိုယ့်ကို အကောင်းဆုံးလုပ်ချင်စိတ်ဖြစ်အောင်၊ လူတွေကို စိတ်မပျက်စေချင်တဲ့စိတ်မျိုးဖြစ်အောင် တွန်းအားပေးတယ်လို့ ထင်ပါတယ်။ အသင်းက ကိုယ့်ကို လိုအပ်လာတဲ့အချိန်မှာ အားကိုးထိုက်တဲ့သူတစ်ယောက် ဖြစ်ချင်တာပါ။ အဲဒါက တကယ့်ခံစားချက်ပဲ၊ အမှန်အတိုင်းပြောရရင် ပွဲကို အောင်အောင်မြင်မြင် အဆုံးသတ်နိုင်ခဲ့လို့ ပျော်ပါတယ်။ အခုလိုမျိုး ပွဲကို အနိုင်ရရှိခဲ့ပုံက တကယ့်ကို အံ့ဩစရာပါပဲ" လို့ သူက ဆိုပါတယ်။

ဆက်လက်ပြီး ဝုဒ်မန်းက "ဒီမှာ အရာအားလုံးက လွယ်ကူပါတယ်။ ဆာလက်က ကိုယ့်ဆီလာပြီး အပိုဂိုးသွင်းလေ့ကျင့်ခန်းတွေ လုပ်ချင်တယ်လို့ ပြောတာမျိုးပေါ့။ ဒါဟာ ကလေးတိုင်းရဲ့ အိပ်မက်ပါ။ ကျွန်တော့်အတွက်တော့ သူ့ကို လွန်ခဲ့တဲ့ ၇ နှစ်၊ ၈ နှစ်လောက်ကတည်းက စောင့်ကြည့်အားပေးခဲ့တာပါ။ ရော်ဘို၊ ကာတစ်၊ ကိုဒီ၊ ဗန်ဒိုက်ခ် တို့နဲ့ ရင်းနှီးမှု တည်ဆောက်ရတာလည်း အတူတူပါပဲ။ ပြီးခဲ့တဲ့ရာသီက သူတို့ကို စူပါစတားတွေအဖြစ်ပဲ မြင်ခဲ့တာပါ။ ဒါပေမဲ့ တကယ်တမ်း အသင်းထဲရောက်လာတော့မှ သူတို့ဟာ ရိုးရိုးသားသားနဲ့ လူကောင်းတွေမှန်း သိလာရတယ်။ အခုလို ရင်းနှီးတဲ့ပတ်သက်မှုတွေ တည်ဆောက်ခွင့်ရတာ တကယ်ကို ကောင်းပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ အယ်လီဆန်ဘက်ကာနဲ့ မာမာဒါရှဗီလီတို့ နှစ်ယောက်လုံးမပါဘဲ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ကြိုးစားနေရတာကြောင့် ဝုဒ်မန်းအနေနဲ့ ပဲလေ့စ်နဲ့ပွဲမှာလည်း အသင်းအတွက် ထပ်မံပါဝင်လာဖို့ ရှိနေပါတယ်။ အသင်းကတော့ လာမယ့်ရာသီ ဥရောပရဲ့ အကောင်းဆုံးအသင်းတွေကြားမှာ နေရာတစ်နေရာရဖို့ ရည်မှန်းထားတာဖြစ်ပါတယ်။