လီဗာပူးရဲ့ဒုတိယအသင်းခေါင်းဆောင်နေရာအတွက် သင့်တော်တဲ့သူမြင်တွေ့ထားကြောင်း ဖွင့်ဟလာတဲ့ ဗန်ဒိုက်
လီဗာပူးအသင်းခေါင်းဆောင် ဗန်ဒိုက်က မိုဟာမက်ဆာလာနဲ့ အန်ဒရူးရောဘတ်ဆင်တို့ အသင်းကနေ ထွက်ခွာဖို့ စီစဉ်ထားတဲ့အတွက် သူတို့နေရာမှာ အစားထိုးဝင်ရောက်နိုင်ဖို့ အသင်းဖော်တွေအနေနဲ့ ပိုပြီးတာဝန်ယူကြဖို့ တိုက်တွန်းလိုက်ပါတယ်။
အသင်းမှာရှိတဲ့ လူငယ်ကစားသမားတွေအနေနဲ့ လာမယ့်ရာသီမှာ ဒီဂန္ထဝင်ကစားသမားကြီးနှစ်ယောက်ရဲ့ နေရာကို အစားထိုးနိုင်ကြောင်း သက်သေပြဖို့ လိုအပ်တယ်လို့ ဗန်ဒိုက်က ဆိုပါတယ်။
"ကစားသမားတွေအနေနဲ့ အစွမ်းပြပြီး ပိုပြီးတာဝန်ယူတတ်ဖို့ လိုပါတယ်။ ဒါက ကိုယ့်ဘာသာ ကြိုးစားယူရမယ့် အရာမျိုး ဒါမှမဟုတ် ကိုယ့်ဆီမှာ အလိုအလျောက် ရှိနေပြီးသား အရည်အချင်းမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါကို လာမယ့်ရာသီမှာ ကစားသမားတွေက ပိုပြီးတော့ သက်သေပြရမှာပါ" လို့ ဗန်ဒိုက်က ပြောပါတယ်။
"ကမ္ဘာ့ဖလားအပြီး ရာသီကြိုပြင်ဆင်မှုတွေမှာ နည်းပြ (အာနယ်ဆလော့) က ဒီအခြေအနေကို ဘယ်လိုမြင်လဲဆိုတာ စိတ်ဝင်စားစရာကောင်းတဲ့ တိုးတက်မှုတစ်ခု ဖြစ်လာပါလိမ့်မယ်။ အဲဒီနောက်မှာတော့ ကျွန်တော်တို့က အကောင်းဆုံးပုံစံနဲ့ ရာသီသစ်ကို ဖြတ်သန်းရမှာပါ။ အခုကုန်ဆုံးသွားတဲ့ ရာသီလိုမျိုး နောက်တစ်ကြိမ် ထပ်မဖြစ်အောင် ကြိုးစားရပါမယ်"
"နာမည်တွေ ထုတ်မပြောချင်ပေမဲ့ (နောက်ထပ် ဒုတိယအသင်းခေါင်းဆောင် ဘယ်သူဖြစ်သင့်လဲဆိုတာနဲ့ ပတ်သက်ပြီး) ကျွန်တော့်မှာ သေချာပေါက် ကိုယ်ပိုင်အမြင် ရှိပါတယ်။ ကျွန်တော့်ရဲ့ အမြင်တွေကိုလည်း အမြဲတမ်း ပွင့်ပွင့်လင်းလင်း ပြောလေ့ရှိပါတယ်"
"လက်ရှိမှာတော့ စိတ်ပျက်စရာကောင်းခဲ့တဲ့ ဒီရာသီကို အကောင်းဆုံးပုံစံနဲ့ အဆုံးသတ်နိုင်ဖို့ပဲ အာရုံစိုက်ထားပါတယ်"
"ကျွန်တော်တို့မှာ နောက်ထပ် ၅ ပွဲကျန်ပါသေးတယ်။ ရှေ့ဆက်လုပ်ရမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို အာရုံစိုက်မယ်၊ ပြီးရင် လိုအပ်နေတဲ့ အားလပ်ရက်ကောင်းကောင်းတစ်ခု ဖြတ်သန်းမယ်၊ အဲဒီနောက်မှာတော့ ရာသီကြိုပြင်ဆင်မှုတွေလုပ်ပြီး နောက်ထပ်ရာသီကို အောင်မြင်အောင် လုပ်ဆောင်သွားဖို့ပဲ အာရုံစိုက်ထားပါတယ်" လို့ ၎င်းက ဆိုပါတယ်။