သမိုင်းဝင်ပွဲစဉ်မှာ တူနီးရှားရဲ့ကစားပုံအတိုင်း တုံ့ပြန်ယှဉ်ပြိုင်သွားဖို့ ဂျပန်အသင်းကို မိုရီယာဆုတိုက်တွန်း
ဂျပန်နည်းပြမိုရီယာဆုက မွန်တာရေးရဲ့ပူပြင်းလှတဲ့ ရာသီဥတုအောက် စနေ့မှာ ကစားမယ့် ကမ္ဘာ့ဖလားသမိုင်းတလျှောက် ပွဲစဉ် ၁၀၀၀ ပြည့်မြောက်မယ့် သမိုင်းဝင်ပွဲစဉ်မှာ ပြိုင်ဘက်တူနီးရှားအသင်းရဲ့ ပိုမိုပြင်းထန်လာမယ့်ကစားပုံအတိုင်း တုံ့ပြန်ယှဉ်ပြိုင်သွားဖို့ သူ့ရဲ့အသင်းဆီ တိုက်တွန်းပြောဆိုလိုက်ပါတယ်။
ဂျပန်အသင်းဟာ အုပ်စု (F) အဖွင့်ပွဲစဉ်မှာ နယ်သာလန်အသင်းနဲ့ နှစ်ဂိုးစီသရေကျခဲ့ပြီး အဖိုးတန်တစ်မှတ် ရရှိခဲ့ပေမဲ့ ဆွီဒင်ကို ဂိုးပြတ်ရှုံးနိမ့်ထားမှုမှ ပြန်လည်ရုန်းထဖို့ကြိုးပမ်းနေတဲ့ တူနီးရှားနဲ့ပွဲစဉ်အတွက် ပြင်ဆင်နေချိန်အတွင်း အုပ်စုအဖွင့်ပွဲစဉ်သရေရလဒ်အပေါ် သူ့ရဲ့ကစားသမားတွေ မကျေနပ်ကြဘူးလို့ မိုရီယာဆုက ပြောကြားခဲ့ပါတယ်။
"နယ်သာလန်က အရမ်းကောင်းအောင်ကစားခဲ့သလို ကျွန်တော်တို့အသင်းလည်း အဲ့ဒီအတိုင်းကစားနိုင်ခဲ့ပေမဲ့ ကျွန်တော်တို့ အပြည့်အဝကျေနပ်မှု မရှိပါဘူး" လို့ သောကြာနေ့မှာ သတင်းထောက်တွေကို မိုရီယာဆုက ပြောကြားခဲ့ပါတယ်။ "ဒါကြောင့် တူနီးရှားနဲ့ပွဲစဉ်အတွက် ကျွန်တော်တို့ အနိုင်ရဖို့ လိုအပ်တယ်ဆိုတာ လူတိုင်း ယုံကြည်ထားကြပါတယ်"လို့ ဆက်ပြောခဲ့ပါတယ်။
တူနီးရှားအသင်းက ဆွီဒင်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ပြင်သစ်လူမျိုးနည်းပြဆာဘရီလာမူချီကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီး ရီနတ်ဒ်နဲ့ အစားထိုးခဲ့ပါတယ်။ ဒါကြောင့် ဂျပန်အသင်းက ကမ္ဘာ့ဖလားအုပ်စုဒုတိယမြောက်ပွဲစဉ်မှာ ကွဲပြားခြားနားတဲ့ပြိုင်ဘက်နဲ့ရင်ဆိုင်ဖို့ ပြင်ဆင်နေတတယ်လို့ မိုရီယာဆုက ဆိုပါတယ်။
"ဆွီဒင်နဲ့ပွဲစဉ်ကို ကျော်ဖြတ်ခဲ့တဲ့အသင်းနဲ့ ကွဲပြားခြားနားသွားလိမ့်မယ်ဆိုတာ ကျွန်တော် အာမခံပါတယ်။ နည်းပြသစ်ကလည်း ကစားသမားတွေကို သေချာပေါက် စိတ်ဓာတ်မြှင့်တင်ပေးထားပါလိမ့်မယ်"
"သူတို့ဆီမှာ ကျစ်လျစ်တဲ့ခံစစ်ရှိသလို ပြိုင်ဘက်ရဲ့ဟာကွက်တွေကို ရှာဖွေပြီး ဂိုးသွင်းယူနိုင်စွမ်းလည်း ရှိကြပါတယ်" လို့ မိုရီယာဆုက ရှင်းပြပါတယ်။
ဂျပန်အသင်းရဲ့ပထမဆုံးပွဲစဉ်ကို ဒဲလပ်စ်မြို့မှာ ကစားခဲ့ပြီး ကွင်းတွင်းလေအေးပေးစနစ် သိသိသာသာ ကောင်းမွန်ခဲ့ပေမဲ့ မွန်တာရေးမှာတော့ ကွဲပြားခြားနားတဲ့ စိန်ခေါ်မှုတစ်ခု စောင့်ဆိုင်းနေလိမ့်မယ်လို့ မိုရီယာဆုက ဆိုပါတယ်။
"ဒီမှာတော့ ရာသီဥတုက အများကြီးကွာခြားပါတယ်။ ဒီမှာ ပိုပူလို့ ကစားသမားတွေအတွက် ပိုမိုခက်ခဲတဲ့ ပတ်ဝန်းကျင် ဖြစ်လာပါလိမ့်မယ်" လို့ သူက ပြောကြားခဲ့ပြီး ဂျပန်အသင်းအတွက် ဒီလိုရာသီဥတုဒဏ်ကို ကြိုတင်မျှော်လင့်ထားခဲ့ပြီး ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ လေ့ကျင့်ထားခဲ့တယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
ဂျပန်နဲ့ တူနီးရှားတို့ရဲ့ စနေနေ့ပွဲစဉ်က ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ပွဲ ၁,၀၀၀ ပြည့်မြောက်မှုဖြစ်လို့ သမိုင်းဝင်မှတ်တိုင်တစ်ခုလည်း ဖြစ်လာပါလိမ့်မယ်။
"ကမ္ဘာ့ဖလားရဲ့ ပွဲ ၁,၀၀၀ မြောက်နဲ့ ထိုက်တန်တဲ့ တကယ့်ကိုကောင်းမွန်တဲ့ ပွဲစဉ်တစ်ခုဖြစ်စေဖို့ ကျွန်တော်တို့ သေချာပေါက် လုပ်ဆောင်သွားချင်ပါတယ်" လို့ မိုရိယာစုက ပြောကြားခဲ့ပါတယ်။
ပြိုင်ပွဲကြီးတွေမှာ တစ်ကမ္ဘာလုံးရဲ့စောင့်ကြည့်ခံရတဲ့ ဂျပန်ပရိသတ်တွေနဲ့ ကစားသမားတွေရဲ့ ပွဲစဉ်အပြီး ပွဲကြည့်စင်နဲ့ အဝတ်လဲခန်းတွေကို သန့်ရှင်းရေးလုပ်လေ့ရှိတဲ့ ရိုးရာအစဉ်အလာနဲ့ ပတ်သက်ပြီးလည်း နည်းပြဆီ မေးမြန်းခဲ့ပါတယ်။
"ဂျပန်လူမျိုးအများစုက ရောက်ရှိခဲ့တဲ့နေရာကို မူလထက် ပိုမိုကောင်းမွန်တဲ့အခြေအနေမျိုး ဖြစ်စေချင်ကြတယ်ဆိုတာ သိရှိနားလည်ကြပါတယ်"
"အမြဲတမ်း တစ်ဦးကိုတစ်ဦး ကူညီပေးကြတယ်၊ အလုပ်တစ်ခုကို အတူတူလုပ်ဆောင်ကြတယ်၊ အတူတူ လုပ်ကိုင်ကြတယ်။ ဒါဟာ ဂျပန်လူမျိုးတွေ လုပ်ဆောင်လေ့ရှိတဲ့ အရာပါပဲ"လို့ မိုရီယာဆုက ရှင်းပြခဲ့ပါတယ်။