ယာဂန်ကလော့ပ်ကြောင့် ဂျာမနီရဲ့ခေတ်သစ်ကို ရင်ခုန်နေကြပေမဲ့ စိတ်ရှည်ဖို့ လိုအပ်တယ်လို့ သတိပေးလိုက်တဲ့ အိုလီဗာခန်း
နည်းပြတစ်ဦးပြောင်းလဲလိုက်ရုံဖြင့် ဂျာမနီဘောလုံးအဖွဲ့ချုပ်(DFB) ရဲ့ လတ်တလောပြဿနာတွေ မပြီးစီးသွားနိုင်ဘူးလို့ ဘိုင်ယန်မြူးနစ်နဲ့ ဂျာမနီလက်ရွေးစင်ဂိုးသမားဟောင်း အိုလီဗာခန်းက ယူဆနေပါတယ်။
ပြီးခဲ့တဲ့သောကြာနေ့၊ ဂျာမနီအသင်းနည်းပြသစ်အဖြစ် ယာဂန်ကလော့ပ်တာဝန်ယူပြီးနောက် စိတ်ပျက်စရာပြိုင်ပွဲကာလတွေအလွန် ဂျာမနီအသင်းကို ကမ္ဘာ့ထိပ်တန်းအဆင့်ဆီ ပြန်ရောက်ရှိအောင် စွမ်းဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။ ကလော့ပ်ရဲ့ ပထမဆုံးမိတ်ဆက်သတင်းစာရှင်းလင်းပွဲအပြီး ပရိသတ်တွေအကြားမှာ ယုံကြည်မှုတွေ ပြန်လည်နိုးထလာသလို အတော်လေးလည်း စိတ်လှုပ်ရှားခဲ့ကြပါတယ်။
ဒါပေမဲ့ အိုလီဗာခန်းကတော့ အပြောင်းအလဲတွေ ချက်ချင်းဖြစ်လာမယ်လို့ အရမ်းမမျှော်လင့်ထားကြဖို့ သတိပေးလိုက်ပါတယ်။ ကလော့ပ်ရဲ့အရည်အချင်းကို သံသယမရှိပေမဲ့ ဂျာမနီဘောလုံးလောကရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေက နည်းပြတစ်ဦးခန့်အပ်မှုထက် အဆများစွာပိုတယ်လို့ အိုလီဗာခန်းက ယူဆနေပါတယ်။
"ကျွန်တော့်အမြင်အရတော့ လူတွေထင်သလောက် မရိုးရှင်းပါဘူး။ ပြဿနာတွေက ဒီထက်ပိုပြီး နက်နဲပါတယ်" လို့ ပရဟိတဂေါက်ရိုက်ပြိုင်ပွဲတစ်ခုမှာ အိုလီဗာခန်းက ပြောကြားခဲ့ပါတယ်။
လက်ရွေးစင်အသင်း ရှေ့ဆက်သွားမယ့်လမ်းကြောင်းနဲ့ ကစားသမား ပြုစုပျိုးထောင်မှုတွေအပေါ် အခြေခံကျတဲ့ မေးခွန်းတွေကို အရင်ဆုံးဖြေရှင်းဖို့ လိုတယ်လို့ အိုလီဗာခန်းက ယုံကြည်နေပါတယ်။ "လာမယ့်နှစ်တွေမှာ ဘယ်လိုကစားသမားမျိုးတွေကို မြင်ချင်တာလဲ? ယေဘုယျအားဖြင့် ဘယ်လိုကစားသမားတွေ ရှိချင်တာလဲ? ဘောလုံးကို ဘယ်လိုပုံစံမျိုး ကစားချင်တာလဲ?"လို့ သူက မေးခွန်းထုတ်ခဲ့ပါတယ်။
အိုလီဗာခန်းက အခုလိုသတိပေးစကားဆိုခဲ့ပေမဲ့ ကလော့ပ်အတွက် အချိန်ပေးပြီး လုပ်ဆောင်သွားမယ်ဆိုရင်တော့ ထိရောက်တဲ့ပြောင်းလဲမှုတွေ ရှိလာနိုင်မယ်လို့ ယုံကြည်နေပါတယ်။ "သူ့မှာ အတွေ့အကြုံတွေ အများကြီးရှိလို့ အောင်မြင်မှုတွေ အများကြီးရယူပေးနိုင်မယ်ဆိုတာ သေချာပါတယ်" လို့ ဘိုင်ယန်မြူးနစ်စီအီးအိုဟောင်းက ဆိုပါတယ်။
ကလော့ပ်ရဲ့ ဂျာမနီလက်ရွေးစင်အသင်းနည်းပြဘ၀၊ ပထမဆုံး ပွဲဦးထွက်ကို လာမယ့် စက်တင်ဘာလ၊ နယ်သာလန်နဲ့ နေရှင်းလိဂ်ပွဲစဉ်မှာ မြင်တွေ့သွားရပါလိမ့်မယ်။