အီတလီရဲ့ကမ္ဘာ့ဖလားကျရှုံးမှုတွေနဲ့ပတ်သက်လို့ ဒွန်နာရမ်မာ ဖွင့်ဟလာ
အီတလီလက်ရွေးစင်အသင်းက မနက်ဖြန်၊ ရောမမြို့မှာ ဘယ်လ်ဂျီယံနဲ့ရင်ဆိုင်ရမယ့် နေးရှင်းလိဂ်အုပ်စုအဖွင့်ပွဲစဉ်ကို ဆင်နွှဲသွားရပါတော့မယ်။ ဒါက လွန်ခဲ့တဲ့လအနည်းငယ်အတွင်း ကမ္ဘာ့ဖလားခြေစစ်ပွဲပလေးအော့ဖ်မှာ ဘော့စနီးယားကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် နာကျင်ဖွယ်ရှုံးနိမ့်ပြီးနောက်ပိုင်း အီတလီအသင်းအတွက် တရားဝင်ပြိုင်ပွဲတစ်ခုမှာ ပထမဆုံးအကြိမ် ပြန်လည်ပါဝင်လာခြင်း ဖြစ်ပါတယ်။
ဒီလိုဆိုးရွားလှတဲ့ ကျရှုံးမှုအပေါ် တုံ့ပြန်ပုံတွေမှာလည်း အလွန်ရှုပ်ထွေးခဲ့ပါတယ်။ အခုတော့ နည်းပြသစ်အဖြစ် မန်စီနီ တကျော့ပြန်တာဝန်ယူလာပြီး ဒွန်နာရမ်မာအတွက်လည်း ကမ္ဘာ့ဖလားကျရှုံးမှုနဲ့ပတ်သက်တဲ့ မေးခွန်းတွေ ပေါ်ထွက်လာခဲ့ပါတယ်။
မန်စီးတီးဂိုးသမားကတော့ ဒီနာကျင်မှုတွေကို အခုတိုင် ခံစားနေရဆဲပဲလို့ ဖွင့်ဟခဲ့ပါတယ်။
သူက "ဒီအကြောင်းကို ပြန်ပြောဖို့အတွက် နာကျင်မှုက ကြီးမားနေဆဲပါပဲ။ ရှေ့ဆက်သွားဖို့နဲ့ ကောင်းမွန်တဲ့ လက်ရွေးစင်အသင်းတစ်ခုကို တည်ဆောက်ဖို့ဆိုတာ အရေးကြီးပါတယ်။ နည်းပြမန်စီနီကလည်း ကျွန်တော်တို့ကို အများကြီးကူညီပေးပါလိမ့်မယ်" လို့ ပြောပါတယ်။
လွန်ခဲ့တဲ့လအနည်းငယ်အတွင်း သက်ဆိုင်သူတိုင်းအတွက် ဘယ်လောက်အထိ ခက်ခဲခဲ့သလဲဆိုတာကိုလည်း ဒွန်နာရမ်မာက ဆက်လက်ဖွင့်ဟခဲ့ပါတယ်။
"အလွန်ရှည်လျားတဲ့ ကာလတွေ ဖြစ်ခဲ့ပါတယ်။ စကားလုံးတွေနဲ့ ဖော်ပြဖို့တောင် ခက်ခဲပြီး ကြမ်းတမ်းတဲ့ နွေရာသီတစ်ခုပါပဲ။ ခေတ်သစ်တစ်ခု စတင်နေပြီဖြစ်လို့ မနက်ဖြန်မှာ ကျွန်တော်တို့အတွက် ပွဲကြီးပွဲကောင်း ရှိပါတယ်။ ပရိသတ်တွေလည်း စိတ်ပျက်နေကြမှာဖြစ်လို့ အီတာလျံတွေအပေါ် ပြန်လည်ချစ်မြတ်နိုးလာစေမယ့် စွမ်းအင်မျိုး ပေးနိုင်ဖို့ဆိုတာ ကျွန်တော်တို့ဆီမှာပဲ မူတည်နေပါတယ်" လို့ အီတလီဂိုးသမားက ပြောပါတယ်။
ဒါ့အပြင် မျှော်လင့်ချက်အားကောင်းလာတဲ့ပုံစံဖြင့် ဒွန်နာရမ်မာက အလက်ဆန်ဒရိုရိုမာနိုတို့လို ကစားသမားတွေကို နိုင်ငံ့အတွက် အနာဂတ် ဖြစ်လာလိမ့်မယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။
"သူတို့အားလုံးကို ကျွန်တော် သဘောကျခဲ့ပါတယ်။ သူတို့အားလုံး အားကောင်းမောင်းသန် ရှိကြပါတယ်။ ရိုမာနိုကတော့ ကျွန်တော့်ကို အထင်ကြီးစေခဲ့ပေမဲ့ သူတို့အားလုံး လူငယ်တွေဖြစ်ကြပြီး စိတ်အားထက်သန်မှုအပြည့် ရှိကြပါတယ်။ သူတို့က ဒီခေတ်သစ်ရဲ့အနာဂတ် ဖြစ်လာလိမ့်မယ်ဆိုတာ ကျွန်တော် အပြည့်အ၀ယုံကြည်ပါတယ်" လို့ ဒွန်နာရမ်မာက ဆိုပါတယ်။
အီတလီက မနက်ဖြန်မှာ ဘယ်လ်ဂျီယံနဲ့ ယှဉ်ပြိုင်ရဖို့ရှိပေမဲ့ ဒီပွဲစဉ်အပြီးမှာ တူရကီနဲ့ ပွဲကျပ်အပြင် ပြင်သစ်နဲ့ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတစ်ခုကိုပါ ဆက်လက်ရင်ဆိုင်သွားရပါမယ်။