ရစ်ချတ်ဟုဂျ် ထွက်ခွာသွားပြီးနောက် အားကစားဒါရိုက်တာသစ်ကို တရားဝင်ခန့်အပ်ကြေညာလိုက်တဲ့ လီဗာပူး
ဂျူလီယန်၀က်ဒ်ကို လီဗာပူးအသင်းရဲ့ အားကစားဒါရိုက်တာသစ်အဖြစ် ခန့်အပ်လိုက်ပြီလို့ စနေနေ့မနက်ပိုင်းမှာ ကလပ်အသင်းဘက်မှ အတည်ပြုခဲ့ပါတယ်။
လီဗာပူးအသင်းနဲ့ ၁၄ နှစ်ကြာလက်တွဲခဲ့တဲ့ Fenway Sports Group ရဲ့ နည်းစနစ်ဒါရိုက်တာဟောင်းဝက်ဒ်က ဆော်ဒီပြည်တွင်းကလပ်အယ်လ်ဟီလယ်ဆီ ပြောင်းရွှေ့ဖို့အတွက် အခုလအစောပိုင်းမှာပဲ ရာထူးမှနုတ်ထွက်သွားတဲ့ ရစ်ချတ်ဟုဂျ်နေရာကို အစားထိုးတာဝန်ယူသွားပါလိမ့်မယ်။
ကလပ်အသင်းရဲ့တရားဝင်ဝက်ဘ်ဆိုဒ်နဲ့တွေ့ဆုံချိန် FSG ဥက္ကဋ္ဌ မိုက်ဂေါ်ဒွန်က ဒီဆုံးဖြတ်ချက်ကို ချီးကျူးခဲ့ပြီး "ဂျူလီယန်ဝက်ဒ်ရဲ့ အသိပညာနဲ့ ကျွမ်းကျင်မှုတွေက ကျွန်တော်တို့ရဲ့ဘောလုံးရေးရာလုပ်ငန်းစဉ်တွေကို ပိုမိုကောင်းမွန်လာစေနိုင်သလို နည်းပြအဖြစ် အကောင်းဆုံးစွမ်းဆောင်နေတဲ့ အီရာအိုလာအတွက် လိုအပ်တဲ့ ပံ့ပိုးမှုတွေရရှိစေမယ်ဆိုတာ သေချာပါတယ်။ ဂျူလီယန်ဝက်ဒ်ကို အခုလိုခန့်အပ်မှုက လီဗာပူးအသင်းအတွက် အမြဲတမ်းအကျိုးပြုခဲ့တဲ့ နှစ်ရှည်လများလက်တွဲမှုကို ဆက်လက်ထိန်းသိမ်းခြင်းဖြစ်ပြီး ရှေ့တိုးတက်လာမယ့်အဆင့်သစ်တွေကိုလည်း ကျွန်တော်တို့ အကောင်းဆုံးမျှေြ်လင့်ထားပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
ဂျူလီယန်ဝက်ဒ်က ၂၀၁၂ ခုနှစ်ကတည်းက မာဆေးဆိုဒ်ဆီ ရောက်ရှိလာခဲ့ပြီး ကစားသမားဖွံ့ဖြိုးရေး၊ လူသစ်စုဆောင်ရေးနဲ့ ကင်းထောက်တာဝန်တွေကို ထမ်းဆောင်ခဲ့ပါတယ်။ သူက လူးဝစ်ဒီယက်ဇ်၊ ဒါဝင်နူးနက်ဇ်နဲ့ မက်အယ်လစ္စတာတို့ရဲ့အပြောင်းအရွှေ့ဇာတ်လမ်းတွေကို အဓိကပုံဖော်ပေးခဲ့သူ ဖြစ်တယ်လို့လည်း ယူဆရပါတယ်။
ဂျူလီယန်ဝက်ဒ်က လက်ထောက်အားကစားဒါရိုက်တာ ဒေးဗစ်ဝုဒ်ဘိုင်း၊ ကင်းထောက်အကြီးအကဲ ဘာရီဟန့်တားနဲ့ FSG ရဲ့ ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးဒါရိုက်တာ ပတ်ဒရိုမာကေးစ်တို့နဲ့အတူ ပူးပေါင်းပြီး ဘောလုံးရေးရာလုပ်ငန်းတွေကို ဦးဆောင်သွားရဖို့ရှိနေပြီး အခုလိုခန့်အပ်မှုကြောင့် အန်ဖီးလ်မှာရှိနေပြီးသား ဝန်ထမ်းတွေအပေါ် အသင်းရဲ့ယုံကြည်မှုကို ပြသလိုက်နိုင်တယ်လို့ လီဗာပူးအသင်း ယုံကြည်နေပါတယ်။
ရာထူးအသစ်နဲ့ပတ်သက်ပြီး ဂျူလီယန်ဝက်ဒ်က "ဒီတာဝန်ကို ထမ်းဆောင်ရဖို့ရှိနေလို့ ကျွန်တော် အရမ်းစိတ်လှုပ်ရှားနေသလို ကျွန်တော့်အပေါ် ယုံကြည်ပေးတဲ့ အသင်းပိုင်ရှင်တွေကိုလည်း အထူးပဲ ကျေးဇူးတင်ပါတယ်။ လီဗာပူးရဲ့ဘောလုံးရေးရာပိုင်းမှာ ဆယ်စုနှစ်တစ်ခုကျော် ပါဝင်ခဲ့လို့ ဒီရာထူးနဲ့အတူ ပါလာမယ့် စိန်ခေါ်မှုတွေ၊ ဒီလိုကလပ်အသင်းကြီးရဲ့လိုအပ်ချက်တွေနဲ့ ရည်မှန်းချက်တွေကို ကျွန်တော် ကောင်းကောင်းနားလည်သလို အလေးအနက်လည်း ဂရုပြုထားပါတယ်။
ဒါက ကွင်းတွင်းကွင်းပြင် လီဗာပူးအတွက် အပြောင်းအလဲနဲ့ အခွင့်အလမ်းတွေ ဒွန်တွဲနေတဲ့ စိတ်လှုပ်ရှားစရာ ကာလတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ ကလပ်အသင်းရဲ့ရေရှည်တည်တံ့ခိုင်မြဲလာတဲ့ ယဉ်ကျေးမှုတွေ၊ တန်ဖိုးထားမှုတွေနဲ့ အခြေခံမူတွေကတော့ အရင်အတိုင်း ခိုင်မာနေဆဲပါပဲ။
ဘောလုံးကလပ်အသင်းတစ်ခုအဖြစ် ကျွန်တော်တို့ ကစားသမားတွေနဲ့ ဝန်ထမ်းတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးရင်း အကောင်းဆုံးစွမ်းဆောင်ရည် ထွက်ပေါ်လာအောင် ဆက်လက်ဖန်တီးသွားပါမယ်။
နည်းပြအီရာအိုလာအပါအဝင် AXA လေ့ကျင့်ရေးစင်တာ၊ အကယ်ဒမီနဲ့ AXA မဲလ်ဝုဒ်မှာရှိတဲ့ ဝန်ထမ်းတွေအားလုံးက အသင်းကို ရှေ့ဆက်တွန်းအားပေးဖို့ လိုအပ်တဲ့ ကျွမ်းကျင်မှုနဲ့ အရည်အချင်းတွေ ရှိကြပါတယ်။
ဒီလိုခိုင်မာတဲ့ အုတ်မြစ်တွေနဲ့ မကြာသေးမီရာသီတွေအတွင်း လုပ်ဆောင်ခဲ့တဲ့ ဘောလုံးရေးရာလုပ်ငန်းတွေကို အခြေခံပြီး ရှေ့ဆက်ရမယ်ဆိုတာ ကျွန်တော့်အတွက် ကြီးမားတဲ့တာဝန်တစ်ခုဖြစ်သလို ဂုဏ်ယူစရာလည်း ဖြစ်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။