၂၀၃၀ ပြည့်နှစ် ကမ္ဘာ့ဖလားဗိုလ်လုပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်မယ်လို့ ယုံကြည်နေတဲ့ စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ
စပိန်တော်ဝင်ဘောလုံးအဖွဲ့ချုပ်(REEF)ဥက္ကဋ္ဌ ရာဖေးလ်လော်ဇန်က အမိမြေမှာ ၂၀၃၀ ပြည့်နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲဗိုလ်လုပွဲကြီးကို ကျင်းပမယ်လို့ ကြေညာခဲ့ပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)မှ ကမ္ဘာ့အကြီးကျယ်ဆုံးပွဲစဉ်ကျင်းပမယ့်နေရာကို မထုတ်ပြန်သေးပေမယ့် လော်ဇန်ကတော့ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိမယ်လို့ ထင်မြင်ယူဆနေပုံရပါတယ်။
စပိန်၊ ပေါ်တူဂီနဲ့ မော်ရိုကိုတို့ အဓိကအိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ရာပြည့်ဘောလုံးပွဲတော်ကြီးအတွက် အာဂျင်တီးနား၊ ပါရာဂွေးနဲ့ ဥရုဂွေးတို့မှာလည်း ပွဲစဉ်တွေကျင်းပဖို့ စီစဉ်ထားပါတယ်။ ပေါ်တူဂီက ၂၀၃၀ ပြည့်နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ဆီမီးဖိုင်နယ်ပွဲစဉ်တစ်ခုကို လက်ခံကျင်းပချင်ပုံရပြီး စပိန်နဲ့ မော်ရိုကိုတို့ကတော့ ဗိုလ်လုပွဲလက်ခံကျင်းပခွင့်အတွက် ယှဉ်ပြိုင်နေကြပါတယ်။
ဒါကြောင့် ဖီဖာရဲ့နောက်ဆုံးဆုံးဖြတ်ချက်မတိုင်ခင် လော်ဇန်ကိုယ်တိုင် အခုလိုထုတ်ဖော်ပြောဆိုမှုက အံ့အားသင့်စရာ ဖြစ်လာခဲ့ပါတယ်။ တနင်္လာနေ့သတင်းစာရှင်းလင်းပွဲအတွင်း လော်ဇန်က “ စပိန်နိုင်ငံမှာ နှစ်ပေါင်းများစွာကြာသက်သေပြခဲ့တဲ့ လက်တွေ့ကျသော အဖွဲ့အစည်းဆိုင်ရာစွမ်းဆောင်ရည်တစ်ရပ် ရှိပါတယ်။ ဒါက ၂၀၃၀ ပြည့်နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးဆီ ဦးဆောင်ပေးမှာဖြစ်ပြီး ဒီပြိုင်ပွဲကြီးရဲ့ဗိုလ်လုပွဲကိုလည်း ဒီနေရာမှာပဲ ကျင်းပပါလိမ့်မယ်”လို့ ပြောပါတယ်။
စပိန်ရဲ့ဗိုလ်လုပွဲကျင်းပခွင့်အဓိကပြိုင်ဘက်မော်ရိုကိုကိုယ်တိုင် လက်ခံကျင်းပခဲ့တဲ့ လတ်တလောအာဖရိကနိုင်ငံများဖလားဗိုလ်လုပွဲမှာ ပွဲကြည့်ပရိသတ်တွေနဲ့ ကွင်းတွင်းလုံခြုံရေးတွေအကြား ပဋိပက္ခဖြစ်ပွားခဲ့သလို ဆီနီဂေါအရန်ဂိုးသမားကို ဘောကောက်ကလေးငယ်တွေရဲ့တိုက်ခိုက်မှုလည်း ပေါ်ပေါက်ခဲ့ပါတယ်။
လော်ဇန်က “ မော်ရိုကိုဟာ ခမ်းနားလှတဲ့ဘောလုံးကွင်းတွေနဲ့အတူ ရှုထောင့်တိုင်းမှာ အသွင်ကူးပြောင်းမှု ကို အမှန်တကယ်ဖော်ဆောင်နေပါတယ်။ အခုလို အကောင်းမွန်ဆုံးလုပ်ဆောင်နိုင်ခဲ့တဲ့ အရာတွေကိုလည်း ကျွန်တော်တို့ အသိအမှတ်ပြုသွားရပါမယ်။ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာတော့ ကမ္ဘာ့ဘောလုံးလောကရဲ့ ပုံရိပ်ကို ထိခိုက်စေမယ့်မြင်ကွင်းတွေ မြင်တွေ့ခဲ့ရပါတယ်။
ဥရုဂွေးမှာကျင်းပခဲ့တဲ့ပြိုင်ပွဲအပြီး ဒါက နှစ်တစ်ရာပြည့်အထိမ်းအမှတ်ရာပြည့်ပြိုင်ပွဲကြီး ဖြစ်လာပါလိမ့်မယ်။ ဒီလိုသမိုင်းဝင်အခိုက်အတန့်ကို မြှင့်တင်ပေးဖို့ ကျွန်တော်တို့ကြိုးစားရပါမယ်။ ၂၀၃၀ ပြည့်နှစ်မှာ စပိန်နိုင်ငံအတွက် သမိုင်းတလျှောက်အကောင်းဆုံးကမ္ဘာ့ဖလားပြိုင်ပွဲကို ရရှိဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်”လို့ ပြောပါတယ်။
လော်ဇန်ရဲ့ယုံကြည်မှုမြင့်မားနေပေမယ့် ၂၀၃၀ ပြည့်နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် မည်သည့်ဆုံးဖြတ်ချက်မှ မရှိသေးဘူးလို့ စပိန်ပြည်တွင်းသတင်းဌာန Cadena SER မှ ဖော်ပြခဲ့ပါတယ်။ သူတို့ရဲ့အဆိုအရ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားမတိုင်ခင် ဆုံးဖြတ်ချက်တစုံတရာချမှတ်ဖို့မရှိဘူးလို့ ဖီဖာကိုယ်တိုင် အာမခံထားမှုနဲ့အတူ လော်ဇန်ရဲ့ထုတ်ပြန်ချက်က အချက်အလက်တစ်ခုဆိုတာထက် ပုဂ္ဂိုလ်ရေးဆန္ဒတစ်ခုသာဖြစ်မယ်လို့ သိရပါတယ်။
လတ်တလောမှာ စပိန်က ဗိုလ်လုပွဲကျင်းပခွင့်ရရှိဖို့ ရေပန်းအစားဆုံးဖြစ်နေသလို ဘာနေဗျူးကွင်းမှာလည်း ဒီအခွင့်အရေးအတွက် အလေးအသာဆုံး ဖြစ်နေပါတယ်။ အထက်ပါစပိန်သတင်းဌာနကတော့ ရီးရဲလ်မက်ဒရစ်နဲ့ ဖီဖာအကြား ဆက်ဆံရေးကောင်းမွန်မှုဟာ ဆုံးဖြတ်ချက်ချမှတ်ရာမှာ အဓိကအရေးပါလာနိုင်တယ်လို့ ဆက်လက်ဖော်ပြခဲ့ပါတယ်။