The network connection is lost.

Banner Image

ကာရစ်တစ်ယောက် ယူနိုက်တက်မှာ ဖော်မြူလာကောင်းတစ်ခုကို ရှာတွေ့သွားပြီလို့ဆိုလိုက်တဲ့ ဝင်းဂါး

အာဆင်နယ်ဂန္ထဝင်နည်းပြဟောင်း အာစင်ဝင်းဂါးက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပရီးမီးယားလိဂ်ပွဲစဉ်မှာ သူ့ရဲ့အသင်းဟောင်းကို ၂-၃ နဲ့အနိုင်ယူခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ယာယီနည်းပြ မိုက်ကယ်ကာရစ်ကို ချီးကျူးပြောဆိုလာခဲ့ပါတယ်။ 

ယခုရာသီကုန်အထိ ယူနိုက်တက်ကိုဦးဆောင်သွားမယ့် ကာရစ်ဟာ ပွဲဦးထွက် ၂ ပွဲမှာပဲ အမှတ်ပေးဇယားထိပ်ဆုံးက မန်စီးတီးနဲ့ အာဆင်နယ်တို့ကို အနိုင်ယူခဲ့တာကြောင့် သူ့ရဲ့အိုးလ်ထရက်ဖို့ဒ်နည်းပြဘဝကို အကောင်းဆုံးစတင်နိုင်ခဲ့ပြီလို့ဆိုရမှာဖြစ်ပြီး ကာရစ်ရဲ့ဦးဆောင်မှုနဲ့အတူ ယူနိုက်တက်ဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာမှာလည်း ရပ်တည်ထားနိုင်ပြီဖြစ်ပါတယ်။

ကွင်းလယ်ကစားသမားဟောင်း ကာရစ်အနေနဲ့ ရူဘင်အာမိုရင်နေရာမှာ အဆင်ပြေချောမွေ့စွာ အစားထိုးဝင်ရောက်နိုင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရက်သတ္တပတ်က မန်စီးတီးကို ၂-၀ နဲ့ဂိုးပြတ်အနိုင်ယူခဲ့သလို၊ ယခုတစ်ပတ်အာဆင်နယ်နဲ့ပွဲစဉ်မှာလည်း အံ့အားသင့်ဖွယ်နိုင်ပွဲရရှိစေခဲ့တာဖြစ်ပါတယ်။ 

ယခုအခါမှာ အာစင်ဝင်းဂါးက "မန်စီးတီးကိုနိုင်ခဲ့တဲ့ပုံစံနဲ့၊ ဒီအပတ်အာဆင်နယ်ကိုနိုင်ခဲ့တဲ့ပုံစံတွေကိုကြည့်ရရင် ယူနိုက်တက်မှာ တစ်ခုခုထူးခြားနေပြီလို့ ကျွန်တော်ထင်ပါတယ်။ သူတို့ကစားဟန်က တကယ်ကို ယုံကြည်မှုရှိနေတာပါ"
" ၂-၂ နဲ့သရေရလဒ်ဖြစ်နေချိန်မှာ ပုံမှန်ဆိုရင် အိမ်ကွင်းအသင်းတွေကပဲ အနိုင်ရလေ့ရှိပါတယ်။ ဒါပေမယ့် ယူနိုက်တက်က တတိယဂိုးကိုပြန်သွင်းနိုင်ဖို့ အခွင့်အရေးတွေပြန်ရှာတွေ့ခဲ့ပြီး အခုလိုပွဲကြီးပွဲကောင်းမှာ ၂-၃ နဲ့အနိုင်ယူသွားခဲ့ပါတယ်။ ဒီနိုင်ပွဲအတွက် ကာရစ်ကို ဂုဏ်ပြုရပါမယ်။ သူယူနိုက်တက်မှာ တစ်ခုခုကိုဖန်တီးနိုင်ခဲ့ပါပြီ"

"ကာရစ်က ခံစစ်ပိုင်းတည်ငြိမ်မှုနဲ့ နည်းစနစ်ပိုင်းအရည်အသွေးကြားမှာ မျှတပြီးကောင်းမွန်တဲ့ဖော်မြူလာတစ်ခုကို ရှာတွေ့သွားပြီလို့ ကျွန်တော်ထင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။  ကာရစ်ဟာ ယူနိုက်တက်နည်းပြဘဝ ပထမဆုံး ၂ ပွဲမှာပဲ ၂ ပွဲဆက်နိုင်ပွဲရရှိခဲ့ပြီး အကောင်းဆုံး ကစားကွက်အခင်းအကျင်းကိုလည်း ပြသထားနိုင်ပြီဖြစ်ပါတယ်။ တစ်ဖက်မှာ အာဆင်နယ်ကတော့ ဒီရာသီပထမဆုံး အိမ်ကွင်းရှုံးပွဲကိုစတင်ကြုံတွေ့ခဲ့ရသလို၊ အမှတ်ပေးဇယားထိပ်ဆုံးမှာဆက်လက်ရပ်တည်နေပေမယ့် မန်စီးတီးနဲ့ အက်စတွန်ဗီလာတို့ကိုတော့ ရမှတ် ၄ မှတ်သာဖြတ်တောက်ထားနိုင်တော့တာဖြစ်ပါတယ်။