မိုဆာလက်အတွက် ထိုက်တန်တဲ့နှုတ်ဆက်မှုမျိုးဖြစ်အောင် စွမ်းဆောင်ပေးကြဖို့ လီဗာပူးကစားသမားတွေဆီ ဂျွန်အဲဒရစ်ချ်တိုက်တွန်း
လီဗာပူးဂန္ထဝင်ကစားသမားတစ်ဦးဂျွန်အဲဒရစ်ချ်က မိုဆာလက်ထွက်ခွာချိန် သူနဲ့ထိုက်တန်မယ့် ခမ်းနားတဲ့နှုတ်ဆက်မှုမျိုး ရရှိအောင် စွမ်းဆောင်ပေးကြဖို့ ကစားသမားတွေဆီ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
မိုဆာလက်က လီဗာပူးအသင်းမှာ ၉ နှစ်ကြာဖြတ်သန်းခဲ့ပြီးနောက် လာမယ့်နွေရာသီကာလအတွင်း အန်ဖီးလ်မှ ထွက်ခွာဖို့ ရှိနေပါတယ်။
Liverpool Echo အတွက် ရေးသားတဲ့ဆောင်းပါးမှာ ဂျွန်အဲဒရစ်ချ်က အခုလိုပဲ ဖော်ပြခဲ့ပါတယ်။ "မေလမှာရောက်လာမယ့် အဲဒီနှုတ်ဆက်ပွဲနေ့ကတော့ တကယ့်ကို ခမ်းနားပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်စိုးရိမ်တာက နိုင်ငံတကာပွဲစဉ်တွေအပြီး အသင်းရဲ့ရလဒ်တွေ တဖြည်းဖြည်းယိမ်းယိုင်သွားနိုင်တဲ့ကိစ္စပါပဲ"
"ဒါကို မိုဆာလက်လည်း တခြားသူတွေလိုပဲ အလိုရှိမှာမဟုတ်ပါဘူး။ စနေနေ့ပွဲစဉ်တွေပြန်စချိန် ကစားရမယ့်ပွဲစဉ်တွေ အများကြီး ရှိနေပါသေးတယ်။ အသံတိတ် ပြီးသွားတာမျိုး မဟုတ်ဘဲ ခမ်းခမ်းနားနားနဲ့အဆုံးသတ်ရမယ့် အခိုက်အတန့်ဖြစ်ပါတယ်" လို့ သူက ဆိုပါတယ်။
လက်ရှိမှာ လီဗာပူးအသင်းက မန်စီးတီးနဲ့ အက်ဖ်အေဖလားကွာတားဖိုင်နယ်၊ ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တို့လို အရေးကြီးပွဲစဉ်တွေ ဆင်နွှဲရဖို့ ရှိနေပါတယ်။ တကယ်လို့ ကစားသမားတွေသာ အကောင်းဆုံးပုံစံမှာ ရှိမနေရင် ပြိုင်ဘက်တွေရဲ့အသာစီးယူချေမှုန်းခြင်းကိုခံရမယ့် အန္တရာယ်ရှိနေပါတယ်။
"ပြီးခဲ့တဲ့နှစ်နှစ်၊ ဇန်နဝါရီလမှာ ယာဂန်ကလော့ပ်ထွက်ခွာမယ်လို့ ကြေညာချိန်လိုပဲ မိုဆာလက်ထွက်ခွာမယ့်သတင်းကလည်း အသင်းအတွက် ကောင်းမွန်တဲ့သက်ရောက်မှုရှိလာဖို့ မျှော်လင့်ပါတယ်။ ဒါက အသင်းအတွက် တွန်းအားတစ်ခု ဖြစ်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ချဲလ်ဆီးနဲ့ကာရာဘောင်ဖလားဗိုလ်လုပွဲမှာ လီဗာပူးတို့ အနိုင်ရရှိအောင် အားပေးကူညီခဲ့ပါတယ်။ အခုလည်း ဒီလိုမျိုးဖြစ်လာမယ်ဆိုတာ သေချာပါတယ်။"
"ထိပ်တန်းကစားသမားတွေက သူတို့ရဲ့ကစားသမားဘဝကို ပြန်ကြည့်တဲ့အခါ ပိုက်ဆံကိုပဲ ကြည့်ကြတာ မဟုတ်ပါဘူး။ ဆုဖလားတွေကိုပဲ ကြည့်ကြတာပါ။ အန်ဖီးလ်မှာ ကစားသမားတွေက ကမ္ဘာ့အကောင်းဆုံးပရိသတ်တွေရှေ့မှောက် ကစားခွင့်ရနေတဲ့ အခွင့်ထူးခံတွေ ဖြစ်လို့ အခုအချိန်မှာ အစွမ်းကုန်ကြိုးစားပြဖို့ လိုအပ်နေပါပြီ" လို့ ဂျွန်အဲဒရစ်ချ်က တိုက်တွန်းခဲ့ပါတယ်။