အိုရွိုင်းလေကို တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုအတွက် ထောက်ခံပေးလိုက်တဲ့ ပက်ဂွါဒီယိုလာ
မန်စီးတီးနည်းပြပက်ဂွါဒီယိုလာက အခုဘောလုံးရာသီမှာ အံ့အားသင့်စရာ ခြေစွမ်းပြသနေတဲ့ နောက်ခံလူအိုရွိုင်းလေကို ချီးကျူးစကားပြောကြားခဲ့ပါတယ်။
မန်စီးတီးအသင်းက အခုဘောလုံးရာသီတလျှောက်လုံး အမှတ်ပေးဇယားထိပ်မှာ ခြောက်ရက်တာပဲ ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့သီတင်းပတ်၊ အာဆင်နယ်ကို ၂-၁ ဂိုးဖြင့် အနိုင်ယူပြီးနောက် လာမယ့်ဗုဒ္ဓဟူးညမှာ တန်းဆင်းဇုန်ရှိဘန်လေကို အနိုင်ကစားမယ်ဆိုရင် ပက်ဂွါဒီယိုလာရဲ့အသင်းက အာဆင်နယ်ကိုကျော်ဖြတ်ပြိး အမှတ်ပေးဇယားထိပ်ဆုံးနေရာဆီ တက်လှမ်းနိုင်မယ့် အခွင့်အရေး ရှိနေပါတယ်။
ပြီးခဲ့တဲ့တနင်္ဂနွေနေ့ပွဲစဉ်မှာ အိုရွိုင်းလေက ချာကီရဲ့အဖွင့်ဂိုးအတွက် ဂိုးဖန်တီးပေးခဲ့သလို နောက်ပိုင်းမှာလည်း ဘောလုံးကို ကိုက် ၄၀ လောက်အထိ တစ်ကိုယ်တော်ဆွဲပြေးကာ ဒိုကူဆီ ပေးပို့ခဲ့ပါတယ်။ ဒီမှတဆင့် ဒိုကူရဲ့ဖန်တီးပေးမှုကို ဟာလန်းက အနိုင်ဂိုးအဖြစ် ပြောင်းလဲခဲ့ပါတယ်။
ဒီအင်္ဂလန်လူငယ်ကြယ်ပွင့်လေးက အသက် ၂၁ နှစ်သာ ရှိသေးပေမဲ့ အသင်းရဲ့ခံစစ်တန်းကို ကျွမ်းကျင်စွာ ဦးဆောင်နေပြီး ဒီရာသီမှာ အသင်းအတွက် အံ့အားသင့်စရာကောင်းလောက်အောင် ကစားပေးနေပြန်ပါတယ်။
ပွဲစဉ်အပြီး အင်တာဗျူးမှာတော့ ပက်ဂွါဒီယိုလာက ဒီလူငယ်ကစားသမားလေးကို အမွှန်းတင်ချီးကျူးခဲ့ပြီး သူ့ရဲ့ကြိုးစားအားထုတ်မှုအတွက် ထိုက်တန်တဲ့ဆုတစ်ခုခု ရရှိသင့်တယ်လို့ ယုံကြည်နေပါတယ်။
အိုရွိုင်းလေနဲ့ပတ်သက်လို့ ပက်ဂွါဒီယိုလာက "တကယ်ကိုကောင်းမွန်တဲ့ရာသီတစ်ခုပါပဲ။ သူက တစ်နှစ်တာ အကောင်းဆုံးကစားသမားဖြစ်မလားတော့ ကျွန်တော် မသိပါဘူး၊ ဒါပေမဲ့ အကောင်းဆုံးလူငယ်ကစားသမားဆုကတော့ သူ့ဆီ ရောက်ကိုရောက်လာပါလိမ့်မယ်" လို့ ဆိုပါတယ်။
အတိတ်မှာ စတီဗင်ဂျရတ်၊ ဝိန်းရွန်းနီ၊ ဖာဘရီဂတ်စ်၊ အက်ရှ်လေယန်း၊ ဂျိမ်းစ်မီလ်နာ၊ အီဒင်ဟာဇက်၊ ဆာကာနဲ့ ပယ်လ်မာတို့လို နာမည်ကြီးကစားသမားတွေကိုယ်တိုင်လည်း ဒီလူငယ်ဆုကို ရရှိခဲ့ဖူးပါတယ်။ ဒီဆုက နောင်တစ်ချိန်မှာတောက်ပလာမယ့် ထိပ်တန်းကြယ်ပွင့် ဘယ်သူဖြစ်မလဲဆိုတာကို ကြိုတင်ခန့်မှန်းပေးလေ့ရှိပါတယ်။
အိုရွိုင်းလေကတော့ အဲဒီလိုထိပ်တန်းကြယ်ပွင့်တစ်ဦးဖြစ်လာဖို့ သေချာနေပြီး ပရိသတ်တွေကိုယ်တိုင်လည်း အသင်းရဲ့အနာဂတ်နဲ့အတူ ဇယားထိပ်ဆုံးဆီရောက်ရှိဖို့ အခွင့်အရေးရှိနေတဲ့ ဘန်လေနဲ့ပွဲစဉ်ကို စောင့်မျှော်နေကြပါပြီ။