The network connection is lost.

Banner Image

ဘာပဲဖြစ်ဖြစ် အာဆင်နယ်မှာ အာတီတာရဲ့ရာထူး စိတ်ချရတယ်လို့ ယုံကြည်နေတဲ့ ကာရေဂါ

အခုရာသီ၊ ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ အာဆင်နယ်အသင်း လွဲချော်မယ်ဆိုရင်တောင် နည်းပြအာတီတာရဲ့ရာထူးအခြေအနေ စိတ်ချလက်ချရှိနေဦးမယ်လို့ လီဗာပူးဂန္ထဝင်ကစားသမားကာရေဂါက ယုံကြည်နေပါတယ်။

အာဆင်နယ်က ၉ မှတ်အထိ အသာစီးရရှိထားမှုကို လက်လွှတ်လိုက်ရလို့ မနက်ဖြန်၊ ဘန်လေနဲ့ပွဲစဉ်မှာ မန်စီးတီး အနိုင်ရရှိမယ်ဆိုရင် အမှတ်ပေးဇယားထိပ်ဆုံးနေရာကို လက်လွှတ်လိုက်ရပါလိမ့်မယ်။

"ကျွန်တော့်အမြင်အရတော့ အခုအချိန်မှာ မန်စီးတီးက ပိုပြီး အလေးသာသွားပြီ ထင်တယ်" လို့ ကာရေဂါက Sky Sports ကို ပြောကြားခဲ့ပါတယ်။ "အရှိန်အဟုန်ရော၊ အတွေ့အကြုံရောပေါ့၊ ဒါတွေက အာဆင်နယ်အသင်းရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို ဘယ်လို သက်ရောက်သွားမလဲဆိုတာ စဉ်းစားစရာပါပဲ။ ပြီးခဲ့တဲ့ပွဲစဉ်တွေရော၊ သူတို့ပြသခဲ့တဲ့ ခြေစွမ်းတွေမှာပါ သက်ရောက်မှု ရှိနိုင်ပါတယ်။ ဒါပေမဲ့ အခုနောက်ဆုံးပွဲကတော့ အရင်ပွဲတွေထက် ခြေစွမ်းပိုကောင်းလာတာ သံသယဖြစ်စရာ မရှိပါဘူး" လို့ ၎င်းက ဆိုပါတယ်။

ဆက်လက်ပြီး ကာရေဂါက "တကယ်လို့များ သူတို့တွေ အမှတ်ပေးလိဂ်ဖလား မရဘူးဆိုရင် အာတီတာ အလုပ်ပြုတ်သွားလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး၊ အဲဒီလိုမျိုး လုံးဝမဖြစ်နိုင်ပါဘူး။ ဒီရာသီက အရင်ရာသီတွေနဲ့ မတူသလို ခံစားရတယ်၊ ဘာလို့လဲဆိုတော့ အရင်က အာဆင်နယ်ကို လိဂ်မှာ အကောင်းဆုံးအသင်းလို့ ကျွန်တော် တစ်ခါမှ မခံစားခဲ့ရဖူးလို့ပါ။ ဒီရာသီတစ်လျှောက်လုံးမှာတော့ အင်္ဂလန်မှာရှိတဲ့လူအများစုက အာဆင်နယ်မှာ အကောင်းဆုံးလူ့စွမ်းအားအရင်းအမြစ်နဲ့ အကောင်းဆုံးအသင်း ရှိနေတယ်လို့ လက်ခံထားကြတာပါ။ ဒါပေမဲ့ ရာသီကုန်ခါနီး အခုလိုအချိန်ကျမှ သူတို့အတွက် ကံဆိုးစွာနဲ့ အခြေအနေတွေ ပြောင်းလဲသွားခဲ့ပါတယ်။ အရင်ရာသီတွေမှာဆိုရင်တော့ ပြီးခဲ့တဲ့ရာသီက လီဗာပူးပဲဖြစ်ဖြစ်၊ အဲဒီမတိုင်ခင် ရာသီတွေက မန်စီးတီးပဲဖြစ်ဖြစ်၊ သူတို့က အာဆင်နယ်ထက် ပိုအလေးသာပြီး ဖလားရသင့်တဲ့သူတွေလို့ ခံစားခဲ့ရတယ်။ တကယ်လည်း အကောင်းဆုံးအသင်းကပဲ ဖလားရသွားခဲ့တာပါ။ ဒါပေမဲ့ ဒီရာသီမှာတော့ အဲဒီလိုမဟုတ်ခဲ့ပါဘူး။ အာဆင်နယ်က ၉ မှတ်အထိ ဖြတ်ထားနိုင်ခဲ့သလို၊ ၁၂ မှတ်အထိတောင် အသာစီးရနိုင်တဲ့ အခွင့်အရေးမျိုးတွေ ရရှိခဲ့ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။