The network connection is lost.

Banner Image

အတွေ့အကြုံရှိတဲ့ ကစားသမားတွေကို ချဲလ်ဆီးဝယ်ယူဖို့ လိုအပ်တယ်လို့ အသင်းဂန္ထဝင် ဒီမတ်တေးယို ပြောကြား

ချဲလ်ဆီးအသင်းရဲ့ ဝါရင့်ကစားသမားကြီး ရော်ဘတ်တို ဒီမတ်တေးယိုက လက်ရှိမှာ ရလဒ်တွေ ဆိုးရွားနေတဲ့ ချယ်လ်ဆီးအသင်းအနေနဲ့ အတွေ့အကြုံရှိတဲ့ ကစားသမားတွေကို အသင်းထဲ ထည့်သွင်းဖို့ဟာ "အင်မတန် အရေးကြီးတယ်" လို့ အင်္ဂါနေ့က AFP ကို ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် နည်းပြ လီယမ် ရိုဆင်နီယာကိုလည်း လာမယ့်ရာသီမှာ အသင်းမှာ ဆက်ရှိနေဖို့ သူက ထောက်ခံအားပေးခဲ့ပါတယ်။

လန်ဒန်ကလပ် ချယ်လ်ဆီးဟာ လက်ရှိမှာ ၄ ပွဲဆက်တိုက် ရှုံးနိမ့်ထားပြီး အမှတ်ပေးဇယား အဆင့် (၆) နေရာကို ရောက်ရှိနေသလို၊ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ရမယ့် အန္တရာယ်နဲ့လည်း အကြီးအကျယ် ရင်ဆိုင်နေရပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က စတန်းဖို့ဒ်ဘရစ်ချ်မှာ မန်ချက်စတာ ယူနိုက်တက်ကို ၁ ဂိုး - ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ပွဲပြီးခါနီးမှာ ပရိသတ်တွေရဲ့ လှောင်ပြောင်သံတွေ ထွက်ပေါ်ခဲ့ပါတယ်။ ပွဲမစခင်မှာလည်း အသင်းပိုင်ရှင် BlueCo ကို ဆန့်ကျင်တဲ့ လမ်းပေါ်ထွက် ဆန္ဒပြမှုတချို့ ရှိခဲ့ပါသေးတယ်။

၂၀၁၂ ခုနှစ်က ချယ်လ်ဆီးအသင်းကို နည်းပြအဖြစ်နဲ့ ချန်ပီယံလိဂ်ဖလား ရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ ကွင်းလယ်လူဟောင်း ဒီမတ်တေးယိုက အသင်းမှာ လူငယ်ကစားသမားတွေ အများကြီး ရှိနေတာကြောင့် "ခြေစွမ်းမတည်ငြိမ်တာ" က နားလည်ပေးလို့ရတဲ့ အချက်ဖြစ်တယ်လို့ ဆိုပါတယ်။

"ပြီးခဲ့တဲ့ အပတ်ကပဲ အသင်းပိုင်ရှင်က ဒီအကြောင်းကို ပြောခဲ့တယ် ထင်ပါတယ်။ သူတို့ရဲ့ ကစားသမား ခေါ်ယူရေး မူဝါဒကို အနည်းငယ် ပြောင်းလဲဖို့ စဉ်းစားနေတယ်လို့ စနေ၊ တနင်္ဂနွေနေ့က သူ ပြောခဲ့ပါတယ်။" လို့ ဩဂုတ်လမှာ ကျင်းပမယ့် မန်စီးတီး၊ ချယ်လ်ဆီး၊ အင်တာမီလန်နဲ့ ဂျူဗင်တပ်စ်တို့ ပါဝင်မယ့် "ဟောင်ကောင် ဘောလုံးပွဲတော်" မိတ်ဆက်ပွဲမှာ ဒီမတ်တေးယိုက ပြောကြားခဲ့တာပါ။

"ဒါဟာ အင်မတန် အရေးကြီးတယ်လို့ ကျွန်တော် ထင်ပါတယ်။ အသင်းက ပိုပြီး တည်တည်ငြိမ်ငြိမ် ရှိချင်တယ်၊ ပရီးမီးယားလိဂ်မှာ စိန်ခေါ်နိုင်စွမ်း ရှိချင်တယ်ဆိုရင် မျှတမှု ရှိဖို့ လိုပါတယ်။ အရည်အချင်းရှိတဲ့ လူငယ်ကစားသမားကောင်းတွေ လိုသလို အသင်းထဲမှာ အတွေ့အကြုံရှိတဲ့ ကစားသမားတွေလည်း အနည်းငယ် ရှိနေဖို့ လိုပါတယ်။"

၁၉၉၆ ကနေ ၂၀၀၂ အထိ ချယ်လ်ဆီးရဲ့ အဓိက ကစားသမား ဖြစ်ခဲ့တဲ့ အသက် ၅၅ နှစ်အရွယ် အီတလီလူမျိုး ဒီမတ်တေးယိုက ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ အမ်ဇိုမာရက်စကာရဲ့ နေရာမှာ အစားထိုး ဝင်ရောက်လာတဲ့ နည်းပြ ရိုဆင်နီယာအပေါ် ဖိအားတွေ ရှိနေတာကိုလည်း နားလည်ပေးဖို့ လိုတယ်လို့ ပြောပါတယ်။

"တခြားနည်းပြတစ်ယောက်၊ တခြားကစားကွက်တစ်ခုအတွက် တည်ဆောက်ထားတဲ့ အသင်းတစ်သင်းကို လွှဲပြောင်းယူရတာပါ။ ရာသီဝက်မှာ ကိုယ့်ရဲ့ ကိုယ်ပိုင်ဟန်ကို အသင်းအပေါ် သက်ရောက်အောင် လုပ်ဖို့ဆိုတာ အမြဲတမ်း ခက်ခဲပါတယ်။ အားလုံးကတော့ ချက်ချင်းကြီး အောင်မြင်မှုတွေ ရလာဖို့ မျှော်လင့်ကြတာပေါ့။"

သူက ဆက်ပြီး "လာမယ့်ရာသီမှာတော့ သူ့ရဲ့ ကစားကွက်အတိုင်း ကစားနိုင်ဖို့ အပြောင်းအလဲတချို့ လုပ်တာ ဒါမှမဟုတ် သူ့ရဲ့ စနစ်နဲ့ ကိုက်ညီမယ့် ကစားသမားတွေကို ခေါ်ယူတာမျိုးတွေ မြင်တွေ့ရမယ်လို့ ကျွန်တော် ထင်ပါတယ်။" လို့ ပြောကြားခဲ့ပါတယ်။

ချယ်လ်ဆီး အသင်းပိုင်ရှင်တစ်ဦးဖြစ်တဲ့ ဘာဒတ် အက်ဘလီကလည်း ပြီးခဲ့တဲ့အပတ်က ပြောကြားရာမှာ အသင်းအနေနဲ့ ရိုဆင်နီယာကို ဆက်လက် ထောက်ခံသွားမှာဖြစ်ပြီး သူ့ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ရေရှည်အောင်မြင်မှုတွေ ရလာဖို့ အကောင်းမြင်ထားဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။