လာလီဂါရာသီသစ်စတင်ပြီးနောက် ရာသီကြိုခြေစမ်းပွဲကစားဖို့ ပြင်ဆင်နေတဲ့ ရီးရဲလ်မက်ဒရစ်
ဟိုဆေးမော်ရင်ဟိုက ၂၀၂၆-၂၀၂၇ ဘောလုံးရာသီသစ်အတွက် ပြင်ဆင်မှုတွေ ပိုပြီးအားကောင်းစေဖို့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့သြဂုတ်လပွဲစဉ်ဇယားမှာ ခြေစမ်းပွဲတစ်ခု ထပ်တိုးလိုက်ပါတယ်။
ရီးရဲလ်မက်ဒရစ်က အခုနွေရာသီ၊ ဗွေဆော်ဦးခြေစမ်းပွဲစဉ်တွေမှာ အယ်လ်ကော်ကွန်၊ လီဂါနက်စ်တို့ကို အနိုင်ရရှိခဲ့ပါတယ်။ ဒါ့အပြင် ရှေ့လာမယ့်သြဂုတ်လအတွင်းမှာလည်း ဖီအိုရင်တီးနား၊ ဖီရန်ဗာရို့စ်၊ ဒီပို့တီဗိုတို့နဲ့ ခြေစမ်းကစားဖို့ ရှိနေပါသေးတယ်။
ဒီပွဲစဉ်တွေက သြဂုတ် ၂၂ ရက်၊ အက်စပန်ညိုနဲ့ အဝေးကွင်းမှာ ရင်ဆိုင်ကစားရမယ့် လာလီဂါအဖွင့်ပွဲစဉ်အတွက် ပြင်ဆင်မှုလည်း ဖြစ်ပါတယ်။ အခုတော့ သြဂုတ် ၁၆ ရက်မှာ ဘွန်ဒက်လီဂါကလပ်အသင်းရှော်လ်ကေးနဲ့ ကစားမယ့်ခြေစမ်းပွဲစဉ်ကိုလည်း ထပ်တိုးလိုက်ပါတယ်။
အဲဒီပွဲစဉ်က ရီးရဲလ်ရဲ့ လာလီဂါအဖွင့်ပွဲစဉ်အပေါ် သက်ရောက်မှု မရှိပေမဲ့ တခြားလာလီဂါပွဲစဉ်တွေ စတင်မယ့် သြဂုတ် ၁၅ ရက်နေ့နောက်ပိုင်းမှ ကစားရဖို့ ရှိနေတာပါ။
အခုလို ခြေစမ်းပွဲထပ်တိုးရတဲ့ အဓိကအကြောင်းရင်းကတော့ ၂၀၂၆ ကမ္ဘာ့ဖလားမှာ ပါဝင်ခဲ့ကြတဲ့ အသင်းရဲ့အဓိကကြယ်ပွင့်တွေ အားလပ်ရက် ပိုယူခဲ့ရလို့ ရာသီကြိုပြင်ဆင်မှုနည်းပါးခဲ့ခြင်းအပေါ် မော်ရင်ဟိုရဲ့စိုးရိမ်စိတ်ကြောင့် ဖြစ်ပါတယ်။
ကူကူရယ်လာ၊ ဘယ်လင်ဟမ်နဲ့ ရီးရဲမက်ဒရစ်အသင်းရဲ့ ပြင်သစ်လက်ရွေးစင်ကစားသမားတွေက ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်အဆင့်အပြင် တတိယနေရာလုပွဲနဲ့ ဗိုလ်လုပွဲတို့ကို ယှဉ်ပြိုင်ကစားခဲ့ရလို့ လတ်တလော အားလပ်ရက်ရရှိထားပါတယ်။