မိုဆာလက်အတွက် ပြင်ဆင်ထားတဲ့ ဂုဏ်ပြုအစီအစဉ်တွေကို လီဗာပူးအသင်း ခေတ္တရွှေ့ဆိုင်း
လီဗာပူးအသင်းက မိုဆာလက်အတွက် တရားဝင်ဂုဏ်ပြုအစီအစဉ်တွေကို အစောဆုံးအဖြစ် အခုရာသီကုန်ပိုင်းမှသာ ကျင်းပပြုလုပ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။
အီဂျစ်လက်ရွေးစင်ကစားသမားက လက်ရှိစာချုပ်သက်တမ်းတစ်နှစ်ကျန်ရှိနေသေးပေမဲ့ ဒီနှစ်နွေရာသီမှာပဲ အန်ဖီးလ်မှ ထွက်ခွာမယ်လို့ တရားဝင်ပြောကြားခဲ့ပါတယ်။
ဒါကြောင့် အင်္ဂါနေ့ညနေပိုင်းမှာ လီဗာပူးအသင်းက အခုလို ထုတ်ပြန်ကြေညာခဲ့ပါတယ်။
"မိုဆာလက်က ၂၀၂၅-၂၆ ဘောလုံးရာသီအကုန်မှာ လီဗာပူးအသင်းနဲ့အတူ သူရဲ့ အလွန်အောင်မြင်ခဲ့တဲ့ ကစားသမားဘဝကို အဆုံးသတ်သွားပါလိမ့်မယ်။ ဒီတိုက်စစ်မှူးက အန်ဖီးလ်ကွင်းမှာ အမှတ်တရတွေ ပြည့်နှက်နေတဲ့ ၉ နှစ်တာဖြတ်သန်းမှုခရီးလမ်းကို အဆုံးသတ်ဖို့အတွက် အသင်းနဲ့ သဘောတူညီမှု ရရှိထားပြီး ဖြစ်ပါတယ်။"
"မိုဆာလက်ဘက်မှာလည်း ပရိသတ်တွေအပေါ်ထားရှိတဲ့ လေးစားမှုနဲ့ ကျေးဇူးတင်ချစ်ခင်စိတ်တွေကြောင့် သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိအောင် အခုလို အစောဆုံးအချိန်မှာပဲ ပရိသတ်တွေကို အသိပေးချင်ခဲ့ပါတယ်။
ဒီရာသီမှာကစားဖို့ပွဲစဉ်တွေအများကြီး ကျန်ရှိနေသေးလို့ မိုဆာလက်က လီဗာပူးအတွက် အကောင်းဆုံးရလဒ်တွေနဲ့အတူ ရာသီသိမ်းနိုင်ဖို့ပဲ အပြည့်အဝ အာရုံစိုက်ထားပါတယ်။ ဒါကြောင့် သူချန်ထားရစ်ခဲ့တဲ့ အောင်မြင်မှုတွေနဲ့ ဂုဏ်ဒြပ်တွေကို အပြည့်အဝဂုဏ်ပြုမယ့်အချိန်က သူ အန်ဖီးလ်ကွင်းကို နှုတ်ဆက်မယ့် အခုဘောလုံးရာသီကုန်ဆုံးချိန်လောက်မှသာ ဖြစ်လာပါလိမ့်မယ်" လို့ ဖော်ပြထားပါတယ်။