The network connection is lost.

Banner Image

ချန်ပီယံဆုအတွက် အပြင်းအထန်ယှဉ်ပြိုင်နေချိန် အသင်းအကြောင်း မှတ်တမ်းရုပ်ရှင်ရိုက်ကူးစေချင်တယ်လို့ ပြောဆိုလိုက်တဲ့ အာတီတာ

အာဆင်နယ်နည်းပြအာတီတာက အပြောင်းအလဲများပြားလွန်းတဲ့ အခုလက်ရှိဘောလုံးရာသီအဖြစ်အပျက်တွေနဲ့ပတ်သက်ပြီး သူ့အသင်းအကြောင်းကို မှတ်တမ်းရုပ်ရှင် ရိုက်ကူးစေချင်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

ပြီးခဲ့တဲ့ပွဲစဉ်မှာ ဘုန်းမောက်ကို ရှုံးနိမ့်ခဲ့ပေမဲ့ အာဆင်နယ်က ပရီးမီးယားလိဂ်ဇယားကို ဆက်လက်ဦးဆောင်နေပြီး ဒုတိယနေရာရှိ မန်စီးတီးထက် ၆ မှတ် အသာရနေပါတယ်။ မန်စီးတီးကတော့ အာဆင်နယ်ထက် တစ်ပွဲလျော့ ကစားထားပါသေးတယ်။

ဗုဒ္ဓဟူးညပိုင်း၊ စပို့တင်းလစ္စဘွန်းကို ဂိုးမရှိသရေကစားကာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဆီ တက်လှမ်းနိုင်ခဲ့ပြီးနောက် အာတီတာရဲ့အသင်းက အက်သလက်တီကိုမက်ဒရစ်နဲ့ ရင်ဆိုင်ကစားသွားရပါမယ်။

အခုလိုနောက်တစ်ဆင့်ဆီ တက်လှမ်းနိုင်ခဲ့ပြီးနောက် အာတီတာက ဒီရာသီရဲ့ အဖြစ်အပျက်တွေကို မှတ်တမ်းတင်၊ တည်းဖြတ်ပြီး မှတ်တမ်းရုပ်ရှင်အဖြစ် ရိုက်ကူးထားတာမျိုး ဖြစ်စေချင်မိတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့ရောက်ရှိနေတဲ့ အခြေအနေမှန်က ဘာလဲဆိုတာကို ကျွန်တော်သိပါတယ်။ ဒါပေမဲ့ လက်ရှိဖြစ်ပျက်နေတာတွေနဲ့ အခြေအနေတွေက ထပ်တူကျရဲ့လားဆိုတာကိုတော့ ကျွန်တော် မသိပါဘူး" လို့ အာတီတာက ဆိုပါတယ်။

ဆက်လက်ပြီး ၎င်းက "ကျွန်တော်ကတော့ ဒီရာသီမှာ အာဆင်နယ်အကြောင်း မှတ်တမ်းရုပ်ရှင် ရိုက်စေချင်ပါတယ်။ ဒါဆိုရင် ပြီးခဲ့တဲ့ ၄၈ နာရီအတွင်း ခံစားချက်တွေနဲ့ ပြောဆိုခဲ့သမျှ အရာအားလုံးကို ခံစားမိပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့က ဒီစီးရီးကို ဇူလိုင်လကျမှ ကြည့်ရမှာပေါ့လေ"

"အဲဒီအချိန်ကျရင် ရုပ်ရှင်ကို ကြည့်ရင်းနဲ့ 'အိုကေ၊ အာဆင်နယ် ဘယ်နေရာမှာလဲ' လို့ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ်ပြန်မေးရင် ကျွန်တော်တို့အားလုံးက သူတို့တွေ အောက်ဆုံးသုံးသင်းထဲမှာ ရှိနေတယ်လို့ ပြောကြပါလိမ့်မယ်။ကျေးဇူးပြုပြီး ဘာတွေပြောနေကြတာလဲဗျာ"

"ကလပ်အသင်း ရောက်ရှိနေတဲ့ အခြေအနေကိုပဲ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းလိုက်ကြပါ။ ဘယ်သူမှ မလုပ်ချင်ဘူးဆိုရင်လည်း ထားလိုက်ပါတော့။ ကျွန်တော်တို့ကတော့ အများကြီးပျော်ရွှင်နေသလို ကစားသမားတွေနဲ့ ပရိသတ်တွေ လုပ်ဆောင်ပေးနေမှုတွေအပေါ်မှာလည်း အများကြီးကျေးဇူးတင်မိပါတယ်" လို့ ပြောခဲ့ပါတယ်။

တကယ်လို့ လာမယ့်တနင်္ဂနွေနေ့မှာ မန်စီးတီးက အာဆင်နယ်ကို အနိုင်ယူလိုက်မယ်ဆိုရင် အာဆင်နယ်ရဲ့ပရီးမီးယားလိဂ်ချန်ပီယံအိပ်မက် ပျက်ပြားသွားနိုင်ပါတယ်။ အဲဒီအခါမှာတော့ အာတီတာကိုယ်တိုင်လည်း ရာသီအကုန်ပိုင်း အမှတ်အပြည့်ရဖို့ အာရုံစိုက်နေရချိန် အသင်းနောက်ကွယ်အခြေအနေအကြောင်း မှတ်တမ်းမတင်ထားမိတာကိုပဲ ကျေးဇူးတင်ရမလို ဖြစ်နေပါလိမ့်မယ်။