The network connection is lost.

Banner Image

လီဗာပူးအသင်းမှာချန်ထားခဲ့မယ့် သမိုင်းမှတ်တမ်းကို ပိုထူးခြားအောင် မိုဆာလက် လုပ်ဆောင်နိုင်လိမ့်မယ်လို့ အန်းစလော့ယုံကြည်နေ

လီဗာပူးနည်းပြအန်းစလော့က အီဂျစ်တိုက်စစ်မှူးမိုဆာလက်ကို အသင်းရဲ့ "သက်ရှိဂန္တဝင်"တစ်ဦးအဖြစ် တင်စားပြောဆိုလိုက်ပြီး မိုဆာလက်ရဲ့ နှုတ်ဆက်ထွက်ခွာမှုကြောင့် အသင်းရဲ့ရာသီပိတ်ပွဲစဉ်တွေအတွက် အကောင်းဆုံးတွန်းအားတစ်ရပ် ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

မိုဆာလက်က လီဗာပူးအသင်းမှာ ကိုးနှစ်ကြာကစားခဲ့ပြီး လက်ရှိအချိန်အထိ ၂၅၅ ဂိုးအထိ သွင်းယူပေးထားပါတယ်။ သူက အခုရာသီကုန်မှာ အသင်းမှ ထွက်ခွာတော့မယ်လို့ လွန်ခဲ့တဲ့သီတင်းပတ်အတွင်း ကြေညာခဲ့ပါတယ်။

အသက် ၃၃ နှစ်အရွယ်ကစားသမားက ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်း သုံးပွဲဆက်အရန်ခုံထိုင်ရပြီးနောက် နည်းပြအန်းစလော့နဲ့ ဆက်ဆံရေးမရှိတော့ဘူးလို့ လူသိရှင်ကြားပြောဆိုခဲ့တာကြောင့် သူတို့နှစ်ဦးကြားမှာ အဖုအထစ်လေးတွေ ရှိခဲ့ပါသေးတယ်။

ဒါပေမဲ့ ဇန်နဝါရီလမှာကျင်းပခဲ့တဲ့ အာဖရိကဖလားပြိုင်ပွဲအပြီး နောက်ပိုင်းမှာတော့ မိုဆာလက်က လီဗာပူးအသင်းအတွက် ပွဲထွက်ကစားသမားအဖြစ် ပြန်လည်ပါဝင်လာခဲ့ပြီး ခက်ခဲတဲ့ရာသီတစ်ခုကို ဖြတ်သန်းနေရတဲ့ အသင်းအတွက် အားကိုးရာ ဖြစ်လာခဲ့ပါတယ်။

လတ်တလောမှာတော့ အန်းစလော့ရဲ့လီဗာပူးအသင်းက ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့အဆင့်-၅ နေရာမှာ ရပ်တည်နေပြီး လာမယ့်ရာသီ၊ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် အကြိတ်အနယ် ကြိုးစားနေရပါတယ်။

ဒါပေမဲ့ ဖီယင်နုနည်းပြဟောင်းအန်းစလော့ကတော့ ကျန်ရှိနေသေးတဲ့ FA ဖလားနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ ရလဒ်ကောင်းတွေနဲ့အတူ ဘောလုံးရာသီကို အဆုံးသတ်နိုင်ဖို့ မျှော်လင့်ထားပါတယ်။

လာမယ့်စနေနေ့မှာ လီဗာပူးအသင်းက အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် မန်စီးတီးကွင်းဆီ သွားရောက်ကစားရဖို့ရှိသလို ဥရောပချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်မှာလည်း လက်ရှိချန်ပီယံ ပီအက်စ်ဂျီနဲ့ ရင်ဆိုင်သွားရပါမယ်။

"မိုဆာလက်ကိုယ်တိုင် ကျန်ရှိနေတဲ့ ရက်သတ္တပတ်တွေနဲ့ လပိုင်းတွေအတွင်းမှာ သူ့ရဲ့အမှတ်တရတွေကို အရင်ထက်ပိုပြီး ထူးခြားအောင် လုပ်နိုင်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ကျွန်တော်တို့မှာ ထူးခြားတဲ့အောင်မြင်မှုတစ်ခုခု ရယူဖို့ အခွင့်အရေး ရှိနေပါသေးတယ်။ သူက ဒီကလပ်ရဲ့ဂန္တဝင်တစ်ဦးအဖြစ်နဲ့ပဲ ထွက်ခွာသွားပါလိမ့်မယ်" လို့ အန်းစလော့က လီဗာပူးအသင်းဝက်ဘ်ဆိုက်မှာ ပြောကြားခဲ့ပါတယ်။

"သုံးရက်တစ်ပွဲနှုန်းကစားနေရတာတောင် အနိုင်ရလိုစိတ် အမြဲရှိနေတာ၊ ပရော်ဖက်ရှင်နယ်ဆန်တာ၊ အသင်းအပေါ် သစ္စာရှိတာ၊ ဂိုးတွေ ထပ်သွင်းချင်နေတာနဲ့ အမြဲတမ်းပွဲကစားချင်စိတ် ပြင်းပြနေတာတွေက သူ့ရဲ့အထင်ရှားဆုံးအချက်တွေပါပဲ" လို့လည်း လီဗာပူးနည်းပြက ဆိုပါတယ်။

လီဗာပူးအသင်းဆီ စက်တင်ဘာလအတွင်း ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၂၅ သန်းဖြင့် ရောက်ရှိလာခဲ့တဲ့ အီဆက်ခ်လည်း ဒဏ်ရာပြဿနာကြုံတွေ့ခဲ့ရလို့ အန်းစလော့အတွက်တော့ တိုက်စစ်ပိုင်းမှာ အခက်တွေ့ခဲ့ရပါတယ်။

ဒါပေမဲ့ လွန်ခဲ့တဲ့သုံးလ၊ ခြေထောက်အရိုးကျိုးဒဏ်ရာရရှိခဲ့တဲ့ ဆွီဒင်တိုက်စစ်မှူးက အခုဆိုရင် လေ့ကျင့်ရေးကွင်းဆီ ပြန်လည်ဝင်ရောက်လာပါတော့မယ်။ ဒါ့အပြင် သူ့ရဲ့မိခင်နိုင်ငံကလည်း အခုသီတင်းပတ်အတွင်း ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်သွားလို့ ကစားသမားအတွက် စိတ်အားတက်ကြွစရာ သတင်းကောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။

အန်းစလော့က "အီဆက်ခ်ကတော့ အခုအချိန်မှာ တကယ့်ကို စိတ်ဓာတ်တက်ကြွနေပါတယ်။ မနေ့ညကပဲ ဆွီဒင်အသင်း ကမ္ဘာ့ဖလားဝင်ခွင့်ရရှိခဲ့သလို မနက်ဖြန်မှာလည်း အသင်းနဲ့အတူ ပထမဆုံးအကြိမ် သူ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ပါပြီ" လို့ ဗုဒ္ဓဟူးနေ့မှာ ထပ်လောင်းပြောကြားခဲ့ပါတယ်။

"သုံးလေးလလောက်ကြာပြီးမှ အသင်းနဲ့အတူ ပထမဆုံး ပြန်လေ့ကျင့်တာဆိုပေမဲ့ သူ့ကို ပြန်ရလိုက်တယ်ဆိုတာ တကယ့်ကိုကောင်းမွန်တဲ့ကိစ္စပါ။ ကျွန်တော်တို့ ဘယ်လိုတိုက်စစ်မှူးမျိုးကို ခေါ်ယူထားတယ်ဆိုတာ လူတိုင်းသိကြတဲ့အတိုင်းပါပဲ၊ သူက တကယ့်ကိုထူးချွန်တဲ့တိုက်စစ်မှူးတစ်ဦးပါ" လို့ ဆိုပါတယ်။