ကိုလံဘီယာကစားသမားသစ်ကို ဒီနွေရာသီမှာ ကြိုဆိုဖို့ အသင့်ဖြစ်နေတဲ့ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်အသင်းဟာ သူတို့ရဲ့ ကစားသမားသစ် ခရစ္စတီယန် အိုရော့ဇ်ကို (Cristian Orozco) ကို ဒီနွေရာသီမှာ ကြိုဆိုသွားမှာ ဖြစ်ပါတယ်။
မန်ချက်စတာ အီးဗနင်းနယူးစ် (Manchester Evening News) ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ဟာ အသက် ၁၇ နှစ်အရွယ် ကိုလံဘီယာကလပ် ဖော်တာလီဇာ အီးအိုင်အက်ဖ် (Fortaleza EIF) ကွင်းလယ်လူအတွက် ပြောင်းရွှေ့ကြေး ပေါင် ၅ သန်းဝန်းကျင်နဲ့ သဘောတူညီမှု ရရှိထားတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ စာချုပ်တွေကို လက်မှတ်မထိုးရသေးပေမဲ့ ကလပ်နှစ်သင်းကြားမှာ နှုတ်ကတိနဲ့ သဘောတူညီမှု ရရှိထားပြီးသား ဖြစ်ပါတယ်။
အိုရော့ဇ်ကိုဟာ လာမယ့် ဇူလိုင်လ ၁၃ ရက်နေ့မှာ အသက် ၁၈ နှစ် ပြည့်တော့မှာဖြစ်လို့ ဖီဖာ (FIFA) စည်းမျဉ်းတွေအရ ကိုလံဘီယာကနေ ထွက်ခွာခွင့်ရတော့မှာဖြစ်ပြီး ဒီနွေရာသီမှာပဲ ယူနိုက်တက်ကို ပြောင်းရွှေ့လာမှာပါ။
ဒီလူငယ်ကစားသမားလေးကို အနာဂတ်အတွက် အလားအလာရှိသူအဖြစ် ရည်ရွယ်ခေါ်ယူထားတာဖြစ်ပြီး အစပိုင်းမှာတော့ ယူနိုက်တက် ယူ-၂၁ (U21) အသင်းမှာပဲ စာရင်းသွင်းထားမှာ ဖြစ်ပါတယ်။