မန်စီးတီးရဲ့ချန်ပီယံဆုအတွက် ကံကြမ္မာအလှည့်အပြောင်းမှာ မပေါ့ဆကြဖို့ ဂွါဒီယိုလာ သတိပေး
မန်စီးတီး မန်နေဂျာ ပက်ဂွါဒီယိုလာက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (ဧပြီလ ၁၉ ရက်) က အာဆင်နယ်အသင်းကို ၂-၁ ဂိုးနဲ့ အရေးပါတဲ့ အနိုင်ရလဒ် ရရှိခဲ့ပေမဲ့လည်း ပရီးမီးယားလိဂ် ချန်ပီယံဆု ပြိုင်ဆိုင်မှုက အဆုံးမသတ်သေးဘူးလို့ ဝန်ခံပြောကြားလိုက်ပါတယ်။
အဲသီဟတ်ကွင်းမှာ အနိုင်ရရှိခဲ့ပြီးနောက် ဂွါဒီယိုလာရဲ့အသင်းဟာ ဇယားထိပ်က အာဆင်နယ်နဲ့ ၃ မှတ်အကွာကို ရောက်ရှိလာခဲ့ပြီး ကစားဖို့ တစ်ပွဲလည်း ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။
လာမယ့် ဗုဒ္ဓဟူးနေ့မှာ ကစားမယ့် တန်းဆင်းဇုန်အန္တရာယ်ရှိနေတဲ့ ဘန်လေအသင်းကိုသာ မန်စီးတီး အနိုင်ရခဲ့ရင် အာဆင်နယ်ကို ကျော်ဖြတ်ပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၁ နေရာကို တက်လှမ်းနိုင်မှာပါ။
ပွဲအပြီးမှာ Sky Sports နဲ့ တွေ့ဆုံမေးမြန်းခန်းမှာတော့ ဂွါဒီယိုလာက ချန်ပီယံဆု ပြိုင်ဆိုင်မှုမှာ အသာစီးရနေတဲ့ အခြေအနေ (momentum) တွေဟာ အချိန်မရွေး ပြောင်းလဲသွားနိုင်ကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။
"အသာစီးရမှုက ပြောင်းလဲသွားပြီလို့ ကျွန်တော် ပြောမယ်ဆိုရင်၊ အာဆင်နယ် ဒီနေ့ ကစားသွားတဲ့ ပုံစံမျိုးကို ကြည့်ပြီး သူတို့ရဲ့ အခြေအနေ မကောင်းတော့ဘူးလို့ ဘယ်လိုပြောလို့ ရမလဲ" လို့ ၎င်းက ဆိုပါတယ်။
"သူတို့က ချန်ပီယံလိဂ် ဆမီးဖိုင်နယ်ကို ရောက်နေတဲ့အပြင် တစ်ပွဲမှလည်း မရှုံးသေးပါဘူး။ အခြေအနေဆိုတာ ခဏလေးအတွင်းမှာတင် ပြောင်းလဲသွားတတ်တာကို သူတို့လည်း သိပါတယ်။"
"ကျွန်တော် သူတို့ကို အများကြီး လေးစားပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့လည်း အနိုင်ရချင်တာပေါ့။ ကျွန်တော်တို့လည်း အများကြီး ကြိုးစားခဲ့ရပါတယ်။ ဒီနေ့ ပွဲမှာ ကစားသမား အများစုဟာ ပထမဆုံးအကြိမ် ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် တိုက်ပွဲဝင်ရတာဖြစ်လို့ ဖိအား နည်းနည်း ရှိနေကြပါတယ်။ ခြေစွမ်းက အကောင်းဆုံး အဆင့်မှာ မရှိခဲ့ပေမဲ့ ဒါက သဘာဝပါပဲ၊ ဒါဟာ သင်ယူမှု လုပ်ငန်းစဉ်တစ်ခုပါပဲ" လို့ ဂွါဒီယိုလာက ပြောကြားသွားခဲ့ပါတယ်။