မန်စီးတီးကိုရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ လီဗာပူးကစားသမားတွေအတွက် အရှက်ရစရာဖြစ်ခဲ့တယ်လို့ ဆိုလိုက်တဲ့ ဒဗ္ဗလင်နဲ့ ရော်ဘီဖောင်လာ
မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်းဒီယွန်ဒဗ္ဗလင်က မန်စီးတီးကို ၄-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာ လီဗာပူးအသင်း အရှက်တကွဲဖြစ်ခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။
BBC Radio 5 Live မှာ စကားပြောရင်း ဒဗ္ဗလင်က "လီဗာပူးအသင်းသားတွေ ကွင်းတွင်းမှ ခေါင်းငိုက်စိုက်ပြီး ထွက်သွားကြတာကို ကြည့်ရင် ဒီရလဒ်နဲ့ ခြေစွမ်းအပေါ် သူတို့ တော်တော်လေး အရှက်ရနေမယ်လို့ ကျွန်တော် ထင်ပါတယ်။ အင်္ကျီအနီရောင်ဝတ်ထားတဲ့ လီဗာပူးကစားသမားတွေ ဘောလုံးရတဲ့အချိန်မှာ ပေးစရာ၊ ရွေးချယ်စရာ လမ်းကြောင်း သိပ်မရှိခဲ့ပါဘူး"
"ဒါကိုကြည့်ရင် လီဗာပူးကစားသမား အများစုဟာ ဘောလုံးကို တာဝန်ယူပြီး ကစားချင်စိတ် မရှိကြဘူးဆိုတာ သိသာပါတယ်။ ဒါဟာ တကယ့်ကို ညံ့ဖျင်းတဲ့ ခြေစွမ်းဖြစ်ပြီး သူတို့မှာ ဒီထက်ပိုကောင်းတဲ့ စွမ်းဆောင်ရည်တွေ အများကြီး ရှိပါတယ်"
"အခုလိုမျိုး အရှက်တကွဲ ရှုံးနိမ့်ခဲ့ရတယ်ဆိုတာ သူတို့အတွက်တော့ စိတ်ထဲမှာ စွဲထင်ကျန်ရစ်နေမယ့် ကိစ္စတစ်ခု ဖြစ်သွားပါလိမ့်မယ်" လို့ မှတ်ချက်ပေးခဲ့ပါတယ်"
တစ်ဖက်မှာလည်း လီဗာပူးနဲ့မန်စီးတီးတိုက်စစ်မှူးဟောင်းရော်ဘီဖောင်လာကလည်း "လီဗာပူးရဲ့ခြေစွမ်းကို အကဲဖြတ်ရတာ ခက်ပါတယ်။ သူတို့ ပွဲစစချင်း ၃၅ မိနစ်လောက်အထိတော့ တော်တော်လေး ကောင်းကောင်းကစားနိုင်ခဲ့ပြီး မန်စီးတီးကို ရင်ဘောင်တန်း ယှဉ်နိုင်ခဲ့ပါတယ်"
"ဒါပေမဲ့ မန်စီးတီးက ဦးဆောင်ဂိုး ရသွားပြီးနောက်မှာတော့ နိုင်မြင်းက တစ်ဖက်တည်းပဲ ရှိတော့တယ်ဆိုတာ သိသာသွားခဲ့တယ်"
"ကျွန်တော်သာ မန်စီးတီးပရိသတ်ဆိုရင် အာဆင်နယ်ကို ဖိအားပေးနိုင်ဖို့အတွက် အသင်းကို အခုထက်ပိုပြီး စောစောစီးစီး အရှိန်မြှင့်စေချင်မိပါလိမ့်မယ်။ ဒါပေမဲ့ သူတို့အသင်းရဲ့အရည်အသွေးနဲ့ဆိုရင်တော့ ပိုပြီးတော့ တိုးတက်ကောင်းမွန်လာဦးမယ်ဆိုတာ သေချာသလောက်ပါပဲ" လို့ ပြောကြားခဲ့ပါတယ်။