အဲဗာတန်ကြယ်ပွင့်ကို ယူနိုက်တက်ပြန်ခေါ်နိုင်တယ်လို့ ဂါရတ်ဘယ်ရီ ယုံကြည်နေ
ပရီးမီးယားလိဂ်ဂန္ထဝင် ဂါရတ်ဘယ်ရီက အဲဗာတန်ကွင်းလယ်လူ ဂျိမ်းစ်ဂါနာကို မန်ချက်စတာယူနိုက်တက်က ပြန်လည်ခေါ်ယူနိုင်ခြေရှိတာနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ မန်ယူအကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တဲ့ ဂါနာဟာ လွန်ခဲ့တဲ့ ၄ နှစ်က ပေါင် ၁၅ သန်းနဲ့ အဲဗာတန်ကို အပြီးသတ်မပြောင်းရွှေ့ခင်မှာ ဝက်ဖို့ဒ်နဲ့ နော့တင်ဟမ်ဖောရက်စ်အသင်းတွေဆီ အငှားသွားရောက်ကစားခဲ့ဖူးသူပါ။ အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီကွင်းလယ်လူဟာ အဲဗာတန်အတွက် နောက်ဆုံးကစားခဲ့တဲ့ ၄ ပွဲမှာ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ပေးထားနိုင်ပြီး ဒီရာသီမှာ နည်းပြဒေးဗစ်မွိုင်စ်ရဲ့ လက်အောက်မှာ အဓိကကျတဲ့ ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။
အခုအခါမှာတော့ ဘယ်ရီက နောက်ဆုံးရဘောလုံးသတင်းတွေနဲ့ လောင်းကစားနှုန်းထားတွေကို ဖော်ပြပေးလေ့ရှိတဲ့ BOYLE Sports နဲ့ အင်တာဗျူးမှာ မန်ယူအနေနဲ့ ဒီကွင်းလယ်လူကို ပြန်လည်အရခေါ်ယူသွားမယ့် အလားအလာဟာ မဖြစ်နိုင်တာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ "ဒက်ကလန်ရိုက်စ်ရဲ့ အကောင်းဆုံးခြေစွမ်းမျိုးကို ကြည့်မယ်ဆိုရင် ဂါနာရဲ့ အရည်အချင်းနဲ့ ကစားပုံက အလားတူပါတယ်၊ သူဟာ ဒေးဗစ်မွိုင်စ်ရဲ့ ယုံကြည်မှုပေးမှုနဲ့အတူ တစ်စတစ်စ တိုးတက်လာခဲ့တာပါ၊ အဲဗာတန်မှာ သူဟာ အရင်ကထက် ပိုပြီးတာဝန်ယူမှု ရှိလာခဲ့တယ်၊ သူ့ရဲ့ ကစားသမားဘဝမှာ အခုမှပဲ အခြေတကျဖြစ်စပြုလာတာလို့ ကျွန်တော်ထင်တယ်၊ အခု အင်္ဂလန်လက်ရွေးစင်အသင်းမှာ ကစားသမား ၂၆ ဦးအထိ ရွေးချယ်ခွင့်ရှိလာတဲ့အတွက် သူ့အတွက် အခွင့်အရေးကောင်းတွေ ရှိလာမှာပါ၊ မန်ယူက သူ့ကို ပြန်ခေါ်မလားဆိုရင်တော့ လက်ရှိအချိန်မှာ ဂါနာအနေနဲ့ အဲဗာတန်ကနေ ထွက်ခွာချင်ပါ့မလားဆိုတာ ကျွန်တော်စဉ်းစားရခက်ပါတယ်၊ သူဟာ ပုံမှန်ပွဲထွက်ခွင့် ပိုရနေတာကို သဘောကျနေမှာပါ၊ ဒါကြောင့် ဒီအပြောင်းအရွှေ့ဖြစ်လာဖို့တော့ ကျွန်တော် အံ့သြမိပါလိမ့်မယ်၊ ဒါပေမဲ့ မန်ယူရဲ့ အစဉ်အလာကို ကျွန်တော်တို့ မြင်ဖူးပါတယ်၊ ပိုက်ဆံတွေ အလဟဿသုံးပြီး ကစားသမားတစ်ယောက်ကို ပြန်ရဖို့အတွက် အရင်ကထက် ပိုပေးပြီး ပြန်ခေါ်ယူတာမျိုးပေါ့၊ ဒါဟာ ပထမဆုံးအကြိမ်လည်း မဟုတ်နိုင်ပါဘူး မဟုတ်လား" လို့ ဘယ်ရီက မှတ်ချက်ပေးခဲ့ပါတယ်။
နော့တင်ဟမ်ဖောရက်စ်နဲ့ အက်စတွန်ဗီလာတို့ဟာလည်း ဂါနာ စာချုပ်သစ်မချုပ်ခင် ရာသီဝက်ကာလကတည်းက စောင့်ကြည့်ခဲ့ကြတာဖြစ်ပြီး အခုတော့ မန်ယူကလည်း စိတ်ဝင်စားလာတဲ့အတွက် ဥရောပဝင်ခွင့် တစ်ကျော့ပြန်လွဲချော်ခဲ့တဲ့ အဲဗာတန်အနေနဲ့ သူ့ကို ရောင်းထုတ်ဖို့ ဖိအားပေးခံရနိုင်ပါတယ်။